DVB Logo
Home
အားကစား
၂၀၀၈ နောက်ပိုင်း နယ်သာလန်နှင့် တူရကီ ကွာတားတက်၊ ယူရို ၂၀၂၄ ပြိုင်ပွဲ နောက်ဆုံး သတင်းများ
DVB
·
July 3, 2024
၂၀၀၈ နောက်ပိုင်း နယ်သာလန်နှင့် တူရကီ ကွာတားတက်၊ ယူရို ၂၀၂၄ ပြိုင်ပွဲ နောက်ဆုံး သတင်းများ
Donate to DVB

၂၀၀၈ နောက်ပိုင်း နယ်သာလန် ပထမဆုံး ယူရိုကွာတားဖိုင်နယ်တက်

‌နယ်သာလန်အသင်းဟာ ရိုမေးနီးယားကို ၃ ဂိုးပြတ်အနိုင်ရပြီး ယူရိုကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ ဂတ်ပိုက အဖွင့်ဂိုးသွင်းခဲ့တာဖြစ်ပြီး လူစားဝင်တဲ့ မာလန်က ၂ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂတ်ပိုဟာ ယူရိုပြိုင်ပွဲမှာ သွင်းဂိုး ၃ ဂိုးအထိ ရရှိထားပြီး ဂိုးသွင်းအများဆုံး ကစားသမား စာရင်းမှာ ပါဝင်လာပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဩစတြီးယားကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ နယ်သာလန်နောက်တန်းက ဝေဖန်ခံခဲ့ရပေမဲ့ ရိုမေးနီးယားနဲ့ပွဲမှာတော့ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်အသင်းဟာ ရိုမေးနီးယားကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့တာဖြစ်ပြီး ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု ၆ ကြိမ်မှာ ၃ ဂိုးရခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အသင်းဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ယူရိုကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ နယ်သာလန်အသင်းဟာ ကွာတားဖိုင်နယ်မှာ တူရကီအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

နောက်ခံလူ ဒီမီရယ်၏ ဂိုးများဖြင့် တူရကီအသင်း ယူရိုကွာတားတက်

တူရကီအသင်းဟာ မီရက်ဒီမီရယ်ရဲ့ သွင်းဂိုးတွေနဲ့ ဩစတြီးယားကို အနိုင်ရပြီး ယူရိုကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။

နောက်ခံလူ ဒီမီရယ်ဟာ ပွဲအစ ၅၇ စက္ကန့်မှာပဲ တူရကီအတွက် အဖွင့်ဂိုး သွင်းနိုင်ခဲ့ပြီး ၅၉ မိနစ်မှာ ခေါင်းတိုက်ပြီး ဒုတိယဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဩစတြီးယားတို့ ၆၆ မိနစ်မှာ ချေပဂိုး ၁ ဂိုး ပြန်ရခဲ့ပြီး မိနစ် ၉၀ မှာရခဲ့တဲ့ အခွင့်အရေးကို တူရကီဂိုးသမား ကာကွယ်နိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ရှုံးနိမ့်ခဲ့လို ၁၉၅၄ ခုနှစ်ကတည်းက အဓိက ပြိုင်ပွဲတွေမှာ ရှုံးထွက်အဆင့် နိုင်ပွဲမရဘူးသေးတဲ့ ဩစတြီးယားအသင်းအတွက်တော့ အစဉ်အလာဆိုးကို မချိုးဖျက်နိုင်ခဲ့ပါဘူး။

ဒီပွဲအနိုင်ရခဲ့တာက တူရကီအတွက်လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်း ယူရိုပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ယူရိုပထမဆုံးပြိုင်ပွဲဝင် ဂျော်ဂျီယာအသင်းအိမ်ပြန်ခရီး ပရိသတ်များကြိုဆို

ယူရိုပြိုင်ပွဲကို ပထမဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဂျော်ဂျီယာအသင်းကို ပရိသတ်တွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

ဂျော်ဂျီယာအသင်းဟာ ယူရိုအုပ်စုပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းကို ၂ ဂိုးပြတ်အနိုင်ရခဲ့သလို စပိန်ကိုလည်း ဦးဆောင်ဂိုးသွင်းပြီး ဖိအားပေးနိုင်ခဲ့ပါတယ်။

ဂျော်ဂျီယာ ကစားသမားတွေက တီဘလီဆေးမြို့မှာ အမိုးဖွင့်ကားနဲ့ လှည့်လည်ခဲ့ကြပြီး ဒီကြိုဆိုမှုကို သမ္မတနဲ့ဝန်ကြီးချုပ်လည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ဂျော်ဂျီယာ ကစားသမားတွေဟာ ၁၉၉၁ ခုနှစ်မတိုင်ခင် ဆိုဗီယက်ပြည်ထောင်စုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ချိန်မှာ ခြေစွမ်းပြနိုင်ခဲ့ကြပေမဲ့ နိုင်ငံလွတ်လပ်ရေးရပြီးနောက် အဓိကပြိုင်ပွဲတွေမှာတော့ ခြေစစ်ပွဲမအောင်ခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဂျီယာတိုက်စစ်မှူး မီကာအူတာဒီဟာ ၃ ဂိုးသွင်းယူထားပြီး ယူရိုပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ပါဝင်နေပါတယ်။

ပထမဆုံးပြိုင်ပွဲမှာပဲ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့လို့ အနာဂတ်မှာ ဂျော်ဂျီယာအသင်းက အောင်မြင်မှုရမယ်ဆိုပြီး ပရိသတ်တွေက မျှော်လင့်ထားပါတယ်။

ယူရိုပြိုင်ပွဲမှထွက်ခဲ့ရသော်လည်း ရိုမေးနီးယားအသင်းခြေစွမ်းကို ပရိသတ်များဂုဏ်ယူ

နယ်သာလန်ကိုရှုံးပြီး အိမ်ပြန်ခဲ့ရပေမယ့် ရိုမေးနီးယားအသင်းအတွက် ဂုဏ်ယူတယ်လို့ ပရိသတ်တွေက ပြောဆိုပါတယ်။

ရိုမေးနီးယားဟာ နယ်သာလန်ကို ၃ ဂိုးပြတ်ရှုံးနိမ့်ပြီး ယူရို ၁၆ သင်းအဆင့်က ထွက်ခဲ့ရတာပါ။

ရိုမေးနီးယားအတွက် ယူရို ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာက ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်လို့ နယ်သာလန်နဲ့ပွဲမှာ ပရိသတ်တွေအမြောက်အမြား အားပေးခဲ့ကြပါတယ်။

ဒီပွဲမှာ နယ်သာလန်အသင်းရဲ့ သွင်းဂိုးတွေကိုခွင့်ပြုခဲ့ရတဲ့ ရိုမေးနီးယား ပရိသတ်တွေက စိတ်ပျက်ခဲ့ခြင်းမရှိဘဲ ပွဲအပြီးမှာလည်း သူတို့အသင်းကို တစ်ပြိုင်နက် အော်ဟစ် အားပေးခဲ့ကြပါတယ်။

ရိုမေးနီးယားအသင်းရဲ့ ခြေစစ်ပွဲစွမ်းဆောင်ချက်တွေနဲ့ အုပ်စုအဆင့်ကနေ နောက်တဆင့် တက်နိုင်ခဲ့တာကိုပဲ ပရိသတ်တွေဟာဂုဏ်ယူစွာနဲ့ အားပေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013