
ကမ္ဘာတဝန်းက လူတွေကို ဒေါ်လာဘီလီယံနဲ့ချီ လိမ်ညာနေတဲ့ ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဦးတည်ပစ်မှတ်ထားတဲ့ ပထမဆုံး ဥပဒေတရပ်ကို ကမ္ဘောဒီးယားလွှတ်တော်ဟာ ဧပြီ ၃ ရက်မှာ အတည်ပြုလိုက်ပါတယ်။
နိုင်ငံတကာမှာ တရားမဝင်လုပ်ငန်းတွေကို အမြစ်ပြတ်ချေမှုန်းဖို့ အစိုးရတွေမှာ ဖိအားတွေ တက်လာနေချိန်မှာပဲ ဒီဥပဒေ ထွက်လာတာပါ။
တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ “သန့်စင်ရေးလုပ်ငန်းစဉ်” ကို ပိုပြီးထိရောက်စေဖို့နဲ့ နှိမ်နင်းပြီးရင်လည်း ဒီငွေလိမ်ဂိုဏ်းတွေ ပြန်မလာနိုင်အောင် အာမခံချက်ပေးဖို့ ရည်ရွယ်တယ်လို့ တရားရေးဝန်ကြီး ကုတ်ရစ်တ်က ဖနွမ်းပင်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီငွေလိမ်ဂိုဏ်းတွေကြောင့် နိုင်ငံရဲ့ စီးပွားရေး၊ ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပြင် ကမ္ဘောဒီးယားရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်ရတယ်လို့ သူက ပြောပါတယ်။
ဒီဥပဒေ အတည်ဖြစ်ဖို့အတွက် ကမ္ဘောဒီးယားဘုရင်ဆီ လက်မှတ်ထိုးဖို့ နောက်ဆုံးအဆင့် ဆက်သွားရမှာ ဖြစ်ပါတယ်။
ဥပဒေအသစ်အရ အွန်လိုင်းငွေလိမ်မှုနဲ့ ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အထိ ကျခံရမှာဖြစ်သလို၊ ဒေါ်လာ ၁၂၅,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။
တကယ်လို့ ဂိုဏ်းဖွဲ့လိမ်လည်မှုတွေ ဒါမှမဟုတ် လူအများအပြားကို လိမ်လည်မှုတွေအတွက် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ဒဏ်ငွေ ဒေါ်လာ ၂ သိန်းခွဲအထိ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ငွေကြေးခဝါချမှု၊ ကိုယ်ရေးအချက်အလက် ဒေတာတွေ ခိုးယူစုဆောင်းမှုနဲ့ ငွေလိမ်ဖို့ အလုပ်သင်တွေကို လူစုဆောင်းပေးတာမျိုးတွေအတွက်လည်း သက်ဆိုင်ရာ ပြစ်ဒဏ်တွေ သတ်မှတ်ထားပါတယ်။
ဒီနှစ်ဆန်းပိုင်းကနေ အခုအချိန်အထိ နိုင်ငံတကာ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းခဲ့ရာမှာ ငွေလိမ်စင်တာ ၂၅၀ လောက်နဲ့ ကာစီနိုရုံ ၉၂ ခုကို ပိတ်ပစ်နိုင်ခဲ့တယ်လို့ အစိုးရအရာရှိ တယောက်က ပြောပါတယ်။
လက်ရှိမှာ ဂိုဏ်းခေါင်းဆောင် ၉၃ ယောက်ကို တရားရုံးတင် စစ်ဆေးနေပြီး ငွေလိမ်မှုနဲ့ သံသယရှိသူ ၈၀၀ လောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ ဆိုက်ဘာငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာနေရာတခုအဖြစ် ကမ္ဘာတဝန်း စွပ်စွဲခံခဲ့ရတဲ့အပြင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေဆီက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချမှုတွေ၊ နိုင်ငံတကာအစိုးရတွေက ပိတ်ဆို့အရေးယူမှုတွေ၊ တရားစွဲဆိုမှုတွေ လုပ်လာအပြီးမှာ အခုလို ဥပဒေထုတ်ပြီး နှိမ်နင်းတာတွေ လုပ်လာတာ ဖြစ်ပါတယ်။
Photo: Reuters











