Home
မြန်မာသတင်း
ထိုင်းနိုင်ငံက စီအိုင်စင်တာအားလုံး ပိတ်သိမ်းတော့မည်
DVB
·
July 2, 2024

ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထား (CI) စာအုပ်ထုတ်ပေး‌တဲ့ စင်တာတွေအားလုံးကို ပိတ်သိမ်းဖို့ မြန်မာစစ်ကောင်စီဘက်က တောင်းဆိုလာတဲ့အတွက် ထိုင်းနိုင်ငံဘက်က  ဇူလိုင် ၇ ရက်မှာ ပိတ်သိမ်းတော့မယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်မှာ ထုတ်ပြန် ပါတယ်။

အခုလိုပိတ်သိမ်းတာက သတ်မှတ်ထားတဲ့ အလုပ်သမားလူဦးရေ လာရောက်မလုပ်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က DVB ကို ပြောပါတယ်၊

“အဓိက ကတော့ စီအိုင်စင်တာတွေ ပိတ်မယ်ဆိုတာ ပြီးခဲ့တဲ့လကတည်းက ၁၆ ရက်နေ့ ကတည်းက ပိတ်မယ်ဆိုတာ ကြားနေရတယ်ဆိုတော့ ဒီတခါက သေချာတယ်လို့ပြောလို့ရတယ်။ ဘာလို့ ပိတ်တာလဲဆိုတော့ ပန်းရောက်ကတ်လုပ်တဲ့အထဲမှာ လူဦး‌ရေက ၆ သိန်းကျော်လောက် လာလုပ်တယ်ဆိုရင် စီအိုင်လာလုပ်တဲ့သူက လေးသိန်းမပြည့်ဘူးလို့ သိရတယ်။ ဒါ့ကြောင့်မို့လို့ သူတို့က ပိတ်မယ်လို့ ဆုံးဖြတ်ရတယ်လို့ကျနော်တို့နားလည်တယ်။ ဒါပေမဲ့ ကျနော်တို့က ပန်းရောင်ဘတ်တွေနဲ့ နေလို့ရဦးမယ်။ သက်တမ်းလည်း တစုံတရာရှိဦးမယ်ဆိုတော့  ဒါလည်း အပြီးပိတ်တယ်လို့ ကျနော်တို့ နားမလည်ဘူး။ နောက်ပိုင်းကျ စောစောက ပြောတဲ့ ပန်းရောင်ဘတ် လုပ်မယ့်ဟာကို ထိုင်းက ပြန်ဖွင့်မယ်ဆိုတာလည်း ကျနော်တို့ကြားထားပြီးဖြစ်တယ်။ ဒီတော့ ကျနော်ထင်တယ် မလုပ်ရသေးတဲ့သူလည်း နောက်ပိုင်းပြန်လုပ်လို့ရနိုင်တယ်လို့ မျှော်လင့်ပါတယ်။”

ထုတ်ပြန်ချက်မှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ စီအိုင်စင်တာအားလုံးကို မြန်မာဘက်က တောင်းဆို ထားတဲ့အတွက် ပိတ်သိမ်းမှာဖြစ်တယ်လို့ ပါရှိပါတယ်။

လက်ရှိမှာတော့ စီအိုင်စာအုပ် မလုပ်ရသေးလည်း ထိုင်းနိုင်ငံက အသိအမှတ်ပြုထားတဲ့ ပန်းရောက်ကတ်နဲ့ တရားဝင် စာရွက်စာတမ်းတွေနဲ့ နေထိုင် အလုပ်လုပ်ကိုင်နိုင်မှာဖြစ်လို့ စိုးရိမ်ဖို့ မလိုကြောင်း ထိုင်းရောက်မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့ Labour Right Foundation ရဲ့ တာဝန်ရှိသူ ဦးအောင်ကျော်က ပြောပါတယ်။

“ဒီစခန်းတွေ တခုမှ မရှိတော့ဘူးဆိုရင် ထိုင်းအစိုးရက တမျိုးတဖုံ စဉ်းစားပေးမှာလို့ပဲ ကျနော်ထင်တယ်။ သူတို့မှာ တာဝန်ရှိတဲ့ အရာတွေအကုန် ထုတ်ထားပေးတယ်။ ဥပမာဆိုပါစို့ အလုပ်လုပ်ခွင့်အတွက်ကိုလည်း သူတို့ အလုပ်သမားရေးရာဝန်ကြီးဌာနမှာ ငွေသွင်းထားတဲ့ ပြေစာတွေ ရှိထားတယ်။ ပြီးတော့လည်း  immigration မှာလည်း ဒီအလုပ်သမားက ထိုင်းနိုင်ငံက ခွင့်ပြုချက်နဲ့ ၂၀၂၃ ဇူလိုင်လ ၅ ရက်နေ့ရဲ့ ခွင့်ပြုချက်အရ  တကယ်ပဲ စာရင်းသွင်းထားတယ်ဆိုရင် လက် ၁၀ ချောင်းလည်း လက်ဗွေနှိပ်ထားတဲ့ စာရွက်လည်း ရှိတဲ့အတွက်ကြောင့် အဲတာတွေနဲ့ပဲ ဆက်လက်ပြီး နေထိုင်ခွင့်ပြုလိမ့်ဦးမယ်လို့  ကျနော်တို့ယူဆပါတယ်။”

မြန်မာရွေ့ပြောင်းလုပ်သားတွေအတွက် စစ်ကောင်စီရဲ့ ရေးဆွဲထားတဲ့ မူဝါဒတွေနဲ့ ပေါ်လစီတွေက လက်တွေ့မှာ အလုပ်သမားတွေအတွက် ကောင်းကျိုးမရှိနိုင်ဘူးလို့လည်း ဆိုပါတယ်။

ထိုင်း- မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး စီအိုင်စာအုပ်ထုတ်ပေးဖို့အတွက် ထိုင်းနိုင်ငံအနှံ့မှာ မိုဘိုင်းစင်တာအပါအဝင် စီအိုင်စင်တာ ၈ ခုကို ၂၀၂၃ ခုနှစ်  အောက်တိုဘာလ ၃ ရက်မှာစတင် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024