Home
အားကစား
ကွာတားဖိုင်နယ်တက်သွားသည့် ပေါ်တူဂီနှင့် ပြင်သစ် အပါအဝင် ယူရို ၂၀၂၄ နောက်ဆုံးရ သတင်းများ
DVB
·
July 2, 2024

စလိုဗေးနီးယားကို အနိုင်ရပြီးနောက် ရော်နယ်ဒိုကို နည်းပြ ချီးကျူး

စလိုဗေးနီးယားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ရော်နယ်ဒိုကို ပေါ်တူဂီနည်းပြ မာတီနက်ဇ်က ချီးကျူးခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ပွဲမှာ အချိန်ပိုမှာရတဲ့ ပင်နယ်တီကန်သွင်းခွင့်ရတာမှာ ဂိုးမဝင်ခဲ့ပေမဲ့ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခွင့်ရတဲ့အခါမှာတော့ အသင်းအတွက် ဗွေဇော်ဦး ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အချိန်ပိုမှာ ပေါ်တူဂီအသင်း ပင်နယ်တီရခဲ့ပေမဲ့ ရော်နယ်ဒို ဂိုးဝင်အောင် မကန်နိုင်လို့ ဝမ်းနည်းပြီး ငိုကြွေးခဲ့တဲ့ ရော်နယ်ဒိုကို မာတီနက်ဇ်က နှစ်သိမ့်ခဲ့တာ ဖြစ်ပါတယ်။

မာတီနက်ဇ်က ပင်နယ်တီအဆုံးအဖြတ် ယူရတဲ့အချိန် ရော်နယ်ဒိုက ပထမဆုံး ကန်တဲ့သူပါ။ ဒါဟာ အသင်းအောင်မြင်မှုရဖို့ သေချာစေတဲ့အချက်ပဲ ဖြစ်ပါတယ်။

“ရော်နယ်ဒို အနေနဲ့ အများကြီး ခံစားနေဖို့ မလိုပါဘူး။ သူ့အတွက် ကျနော်တို့တသင်းလုံး ဂုဏ်ယူနေမှာပါ” လို့ ပြောခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရို ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ၏ ကိုယ့်ဂိုးကိုယ်သွင်းမှုဖြင့် ပြင်သစ် ကွာတားတက်

ပြင်သစ်အသင်းဟာ ဘယ်လ်ဂျီယံရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့ အနိုင်ရခဲ့ပြီး ယူရို ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အုပ်စုပွဲကစပြီး ပြင်သစ်အသင်းဟာ ပင်နယ်တီ ၁ ဂိုးသာ သွင်းနိုင်ခဲ့ပြီး ပြိုင်ပွဲတလျှောက် ပြိုင်ဘက်အသင်းတွေရဲ့ အမှားကနေပဲ ဂိုးတွေရခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ဘယ်လ်ဂျီယံနဲ့ပွဲမှာ ဂိုးကန်သွင်းမှု ၁၉ ကြိမ် ရှိခဲ့ပေမဲ့ ဂိုးပေါက် ၂ ကြိမ်သာ တည့်ခဲ့တာ ဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်နေတဲ့ ပြင်သစ်တိုက်စစ်ကြောင့် နည်းပြ ဒေးရွှန့်ဟာ နောက်ပွဲတွေမှာ အသင်းရဲ့ကစားပုံကို ပိုမိုအာရုံစိုက်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီပြိုင်ပွဲမှာ အသင်းဂိုးရဖို့ထက် အနိုင်ရလဒ်ကိုသာ နည်းပြ ဒေးရွှန့်က အာရုံစိုက်ထားတာ တွေ့ရပါတယ်။

နည်းပြ ဒေးရွှန့်ဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲ ၂ ခုလုံးကို ကစားသမားဘဝနဲ့ နည်းပြဘဝမှာပါ ရဖူးတဲ့ ပထမဆုံးနည်းပြ ဖြစ်လာမှာ ဖြစ်ပါတယ်။

စိတ်ဓာတ်သန်မာရန်နှင့် ခေါင်းအေးအေးထားရန်လိုကြောင်း ဩစတြီးယားနည်းပြပြော

ဩစတြီးယားအသင်းဟာ စိတ်ဓာတ်သန်မာဖို့နဲ့ ခေါင်းအေးအေးထားဖို့လိုကြောင်း ဩစတြီးယားနည်းပြက ပြောပါတယ်။

ဩစတြီးယားအသင်းဟာ အုပ်စု D မှာ ပြင်သစ်၊ နယ်သာလန်၊ ပိုလန်တို့လို အသင်းကြီးတွေနဲ့ တအုပ်စုတည်း ကျခဲ့ပေမဲ့ အုပ်စုပထမနေရာကနေ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြရန်းနစ်က “ဒီအုပ်စုမှာ ကျနော်တို့အသင်း နောက်တဆင့်တက်မယ်လို့ ဘယ်သူမှ မထင်ပါဘူး။ ကျနော်တို့ ဒီလိုစွမ်းဆောင်နိုင်ခဲ့တာက အံ့ဩစရာပါ။ တူရကီနဲ့ ကစားရမယ့်ပွဲမှာလည်း ဒီလို ခြေစွမ်းပြနိုင်ဖို့ ကြိုးစားမှာပါ” လို့ ပြောပါတယ်။

ဩစတြီးယားအသင်းဟာ တူရကီအသင်းနဲ့ မတ်လက ခြေစမ်းပွဲ ကစားခဲ့ဖူးပြီး အဲဒီပွဲမှာ ၆-၁ နဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ်။

ရိုမေးနီးယားနှင့်ပွဲတွင် ရလဒ်ကောင်းမည်ဟု နယ်သာလန်နည်းပြ ပြော

ရိုမေးနီးယားနဲ့ပွဲမှာ ရလဒ်ကောင်းတွေရအောင် စွမ်းဆောင်သွားမယ်လို့ နယ်သာလန်နည်းပြ ကိုးမန်းက ပြောပါတယ်။

နယ်သာလန်အသင်းဟာ အုပ်စုပွဲစဉ်မှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး အကောင်းဆုံး တတိယနေရာကနေ ၁၆ သင်းအဆင့်ကို တက်ခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အသင်းရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရပေမဲ့ ကိုးမန်းက ရလဒ်ကောင်းတွေ ရမယ်လို့ ယုံကြည်နေပါတယ်။

နယ်သာလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ကစားပုံကောင်းကောင်းနဲ့ ယှဉ်ပြိုင်ချင်ပေမဲ့ ကွင်းလယ်ကစားသမားတချို့ ဒဏ်ရာရနေလို့ ကစားပုံထက် ရလဒ်ကောင်းဖို့ကိုပဲ အဓိက အာရုံစိုက်နေရပါတယ်။

နယ်သာလန်အသင်းဟာ ရိုမေးနီးယားနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၄ ကြိမ်မှာ အနိုင်ရခဲ့ဖူးတာ တွေ့ရပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024