DVB Logo
Home
နိုင်ငံတကာ
သမ္မတဘိုင်ဒင်၏ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုများကို ဝန်ကြီး ဘလင်ကန် တုံ့ပြန်
DVB
·
July 2, 2024
သမ္မတဘိုင်ဒင်၏ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုများကို ဝန်ကြီး ဘလင်ကန် တုံ့ပြန်
Donate to DVB

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က စကားစစ်ထိုးပွဲမှာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေကို ဇူလိုင် ၁ ရက်က ဘရွတ်ကင်းအင်စတီကျုပွဲတခုမှာ တုံ့ပြန်ခဲ့ပြီး ပြီးခဲ့တဲ့ ၃ နှစ်ခွဲအတွင်း သူ့ရဲ့မူဝါဒတွေဟာ ကမ္ဘာပေါ်မှာ အမေရိကန်ခေါင်းဆောင်မှုအပေါ် ယုံကြည်မှု တိုးလာကြောင်း ကာကွယ်‌ပြောကြားသွားပါတယ်။

ဒေါ်နယ်ထရမ့်ပ်နဲ့ စကားစစ်ထိုးပွဲမှာ ဘိုင်ဒင်ရဲ့ ပြန်လှန်လွှမ်းမိုးနိုင်စွမ်းအပေါ် ကမ္ဘာလုံးဆိုင်ရာ မီဒီယာတွေက ဖော်ပြမှုနဲ့အတူ ဘိုင်ဒင်ရဲ့လက်အောက်မှာ အမေရိကန်ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာတဝန်းရှိ “မိတ်ဆွေတွေနဲ့ ရန်သူတွေ” သိထားသင့်တာတွေကိုလည်း မေးခွန်းထုတ်ကြပါတယ်။

ဘလင်ကန်ကတော့ ဒါဟာ တညတည်းကိုကြည့်ပြီး ဆုံးဖြတ်လို့မရကြောင်း၊ ဘိုင်ဒင်သမ္မတ ဖြစ်လာပြီးကတည်းက ကမ္ဘာတဝန်းကလူတွေက မူဝါဒတွေနဲ့ မူဝါဒရွေးချယ်မှုတွေကို ကြည့်နေကြပြီး အများစုဟာ ဒီသမ္မတလုပ်ဆောင်တဲ့ ရွေးချယ်မှုတွေနဲ့ ပေါ်လစီတွေကို သဘောကျကြပါတယ်လို့လည်း ပြောဆိုပါတယ်။

“အမေရိကန်ကို ပိုပြီး အားစိုက်ဆောင်ရွက်ခဲ့တဲ့ သမ္မတတဦး၊ ကမ္ဘာမှာ အမေရိကကို အသစ်ပြန်ဖြစ်အောင်၊ ဒီမဟာမိတ်အဖွဲ့တွေမှာ သူတို့ဖြစ်ချင်၊ လုပ်ချင်တဲ့ နည်းလမ်းတွေမှာ အမေရိကကို ပြန်ရင်းနှီးမြှုပ်နှံနေတဲ့ နည်းလမ်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို သူတို့တွေ့ခဲ့ရတယ်” လို့ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

နိုင်ငံအတော်များများမှာ အထူးသဖြင့် ကမ္ဘာတဝန်းရှိ ဒီမိုကရေစီနိုင်ငံတွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို သူကိုင်တွယ်ဖြေရှင်းပေးခဲ့တဲ့ ခေါင်းဆောင်မှုမျိုးဖြစ်ပြီး ကမ္ဘာပတ် သွားနေရင်းမှာ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှု၊ အမေရိကန်ခေါင်းဆောင်မှုအပေါ် လိုလားတောင့်တမှု ရှိနေကြတာကိုလည်း တွေ့မြင်ခဲ့ရကြောင်းလည်း ဘလင်ကန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က CNN မှာ မိနစ် ၉၀ ကြာ စကားစစ်ထိုးပြီးနောက် အမေရိကန် အများအပြားဟာ ကိုယ်စားလှယ်လောင်း ၂ ဦးစလုံးကို စိတ်ပျက်ရကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

အသက် ၈၁ နှစ်အရွယ် ဒီမိုကရက်တစ်ပါတီမှ လက်ရှိသမ္မတ ဘိုင်ဒင်ဟာ အအေးမိထားတာကြောင့် သူ့အသံတွေက ကွဲအက်နေပြီး တချို့အဖြေတွေမှာ အပြော မပိုင်နိုင် မထိမိခဲ့ဘူးလို့ ဝေဖန်ကြပါတယ်။

အသက် ၇၈ နှစ်အရွယ် ရီပတ်ဘလီကန်သမ္မတ ထရမ့်ပ်ကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အမှန်တကယ် အနိုင်ရခဲ့ကြောင်း အခိုင်အမာ ပြောဆိုမှုတွေ အပါအဝင် မှားယွင်းကြောင်းကို အကြိမ်ကြိမ် သက်သေပြနေတဲ့ကိစ္စကိုပဲ ထပ်တလဲလဲ ငြင်းခုံမှုတွေကို မပြီးနိုင်မစီးနိုင် ဆက်တိုက်ကို ပြောဆိုနေခဲ့တာပါ။ ဒါပေမဲ့ ဘိုင်ဒင်က ဒါတွေကို ပြန်ချေပမနေခဲ့ပါဘူး။

ဒါဟာ ကြာသပတေးနေ့ စကားစစ်ထိုးပွဲ ပြီးကတည်းက အမေရိကန် ထိပ်တန်းသံတမန်တဦးလည်းဖြစ်ပြီး ဘိုင်ဒင်နဲ့ အနီးကပ် သက်တမ်းရင့် လက်ထောက်လည်း ဖြစ်တဲ့ ဘလင်ကန်ကို ပထမဆုံးအကြိမ် မေးမြန်းခဲ့တာဖြစ်ပြီး ဘလင်ကန်က ဘိုင်ဒင်ရဲ့ ရုံးတွင်းစွမ်းဆောင်ရည်ကို အလေးပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ဒင်ကို ထောက်ခံသူတွေကတော့ စကားစစ်ထိုးပွဲဟာ သူ နောက်ထပ်သက်တမ်းအတွက် အသက်အရမ်းကြီးနေပြီဆိုတဲ့ စိုးရိမ်မှုတွေကို ပြေပျောက်စေမယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ အဲဒီအစား စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

တချို့ဒီမိုကရက်တွေကတော့ ဘိုင်ဒင်ကို ဒီယှဉ်ပြိုင်ပွဲကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013