DVB Logo
Home
မြန်မာသတင်း
မတူပီမြို့ကို ချင်းညီနောင်စစ်ဆင်ရေးမဟာမိတ်များ အပြီးသတ်သိမ်းယူ
DVB
·
June 30, 2024
မတူပီမြို့ကို ချင်းညီနောင်စစ်ဆင်ရေးမဟာမိတ်များ အပြီးသတ်သိမ်းယူ
Donate to DVB

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဒေသတွင်း CDF ပူးပေါင်းအဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) အပါအဝင်မဟာမိတ်အဖွဲ့တွေက ဇွန် ၉ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၂၀ အကြာ ဇွန် ၂၉ ရက်မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ မင်းတပ်ပအဖက ပြောပါတယ်။ 

မတူပီမြို့တောင်ဘက်နဲ့မြောက်ဘက်တွေမှာ အထိုင်ချထားတဲ့ တပ်ရင်း ခမရ ၃၀၄၊ ခလရ ၁၄၀၊ ဗျူဟာရဲ့ စုစုပေါင်းအင်အား ၅၀၀ ကျော်ကို တိုက်ခိုက်ခဲ့ရတာကြောင့် မြို့ကို အပြီးသတ်သိမ်းနိုင်ဖို့ အချိန်တခု ကြာမြင့်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဇွန် ၉ ရက်ကစပြီး  မတူပီအခြေစိုက် ခမရ ၃၀၄၊ ခလရ ၁၄၀ အခြေချဗျူဟာ ၃ ခုလုံးကို တပြိုင်တည်း ထိုးစစ်ဆင်ရာမှာ ခမရ  ၃၀၄ ကို ဇွန်လ ၁၇ ရက်နေ့မှာ ရရှိခဲ့တယ်လို့ မင်းတပ်ပအဖ တာဝန်ရှိသူ ကိုယောမန်က ပြောပါတယ်။

“ကျန်သေးတဲ့ ဗျူဟာနဲ့ ၁၄၀ ကိုလေ။ ဒီနေ့ပေါ့လေ ကျနော်တို့ သိမ်းယူနိုင်ခဲ့တယ်ပေါ့။ အဓိကတော့ နယ်မြေရှင်းလင်းရေးတွေ လုံခြုံရေးတွေ အကုန်လုံးလုပ်နေတယ်။ မတူပီမြို့ အပြင်ဘက်က ရွာတွေပေါ့လေ။ ဖနိုင် ငလိုင် ဆိုရင်လည်း မြေမြှုပ်မိုင်းတွေ အများကြီး ထောင်သွားတယ်ပေါ့နော်။ အဲဒါတွေ ပြန်ရှင်းလင်းဖို့ ပြန်ဖယ်ရှားဖို့ရှိဦးမယ်ပေါ့လေ။ မတူပီ တပ်မဟာ ၁ ကပဲပေါ့။ သူတို့ မြို့အုပ်ချုပ်ရေးကို ဖော်ဆောင်ဖို့ပေါ့နော်၊ ကျန်တဲ့လက်နက်ကြီးတွေ မိုင်းတွေရှင်းလင်းဖို့ တဖြည်းဖြည်း အဆင့်လိုက်လုပ်သွားပါမယ်ခင်ဗျ။"

ချင်းပြည်တောင်ပိုင်း ပလက်ဝနဲ့ ဆမီးကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပြီး ဖြစ်တာကြောင့် ချင်းပြည်နယ်တောင်ပိုင်းက အကြီးဆုံးစစ်ဗျူဟာကိုသိမ်းပိုက်ပြီး မတူပီမြို့ကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ကြေညာနိုင်တာဟာ ချင်းပြည်တောင်ပိုင်းတခုလုံး လွတ်မြောက်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ 

မတူပီကို သိမ်းယူနိုင်ပြီ ဖြစ်တာကြောင့် ချင်းပြည်နယ်တောင်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ ချိတ်ဆက်လမ်း၊ ရခိုင်ပြည်နယ်နဲ့ ချိတ်ဆက်တဲ့လမ်းတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးနိုင်တော့မှာ ဖြစ်ပြီး မကွေးတိုင်း ယောနယ်ဘက် စစ်မျက်နှာကိုပဲ တော်လှန်ရေးအင်အားစုတွေက အာရုံစိုက်ဖို့ ကျန်တော့မှာ ဖြစ်ပါတယ်။ 

မတူပီမြို့ကို သိမ်းယူဖို့ စနစ်တကျ အချိန်ယူလေ့လာ ချဉ်းကပ်ခဲ့တာဖြစ်ပြီး စတင်ထိုးစစ်ဆင်တဲ့ ဇွန် ၉ ရက်ကနေ အချိန်တပတ်အတွင်းမှာ မြို့ပေါ်က စစ်ကောင်စီယန္တရားရုံးတွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူနိုင်ခဲ့တာပါ။ 

စစ်ကောင်စီက နေ့တိုင်း လေကြောင်းပစ်ကူတွေ ပေးနေတာ၊ နည်းပညာမြင့် ဒရုန်းတွေနဲ့ ကင်းထောက်နေတာတွေကြောင့် အပြီးသတ်သိမ်းယူနိုင်ဖို့ မျှော်မှန်းထားတာထက် အချိန် ကြာခဲ့တယ်လို့ မင်းတပ် ပအဖ တာဝန်ရှိသူ ကိုယောမန်က ပြောပါတယ်။ 

မတူပီမြို့နယ်ထဲက လိုင်လင်းပီနဲ့ ရေဇွာမြို့တို့ကို ချင်းတော်လှန်ရေးအင်အားစုတွေက ၂၀၂၃ နှစ်ကုန်ပိုင်းမှာ သိမ်းယူထားပြီး လက်ရှိမှာ မတူပီအပါအဝင် ချင်းပြည်နယ်မှာ မြို့ပေါင်း ၁၁ မြို့အထိ တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းယူထားပြီးဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်မှာ ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက်နဲ့ ချင်းညီနောင်ဟာ မဟာမိတ်အင်အားစုတွေဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ Yaw Army (YA) နဲ့ Yaw Defense Force (YDF) တို့နဲ့ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) က ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသ ချင်း၊ စစ်ကိုင်း၊ မကွေးဟာ စစ်ကောင်စီရဲ့ ဖိအားပေး တိုက်ခိုက်မှုတွေ အဆိုးဆုံး ကြုံခဲ့ရတဲ့ဒေသဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး ၃ နှစ် ကျော် လာချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်က မြင်သာတဲ့ တုံ့ပြန်မှုတွေ ပြန်လုပ်နိုင်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013