DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များ အသည်းရောင်အသားဝါ-စီ ဖြစ်ပွားမှုနှုန်း မြင့်တက်
DVB
·
June 26, 2024
ရိုဟင်ဂျာဒုက္ခသည်များ အသည်းရောင်အသားဝါ-စီ ဖြစ်ပွားမှုနှုန်း မြင့်တက်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကြားမှာ အသည်း ရောင်အသားဝါ-စီ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားနေတာကြောင့် ဒါကို ကိုင်တွယ် ဖြေရှင်းဖို့ အထောက်အပံ့တွေ ပိုမိုလိုအပ်နေတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ထုတ်ပြန်လိုက်ပါတယ်။

ကူးစက်ရောဂါနဲ့ ဆေးဘက်ဆိုင်ရာ သုတေသနဌာနကနေ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ကောက်ဘဇားခရိုင်၊ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဦးရေ ၂၀ ရာခိုင်နှုန်းနီးပါးမှာ ရောဂါပိုးတွေ့ရှိရတယ်လို့ ဇွန် ၁၂ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာပါ။

MSF အဖွဲ့က ဆေးဘက်ဆိုင်ရာ ဒုညှိနှိုင်းရေးမှူး ဒေါက်တာ ဝါဆင်း ဖာရုဇ်က “နေ့တိုင်း ရာနဲ့ချီတဲ့ လူနာတွေဟာ ပျောက်ကင်းဖို့ မျှော်လင့်ချက်နဲ့ ကောက်ဘဇားက MSF ဆေးခန်း အပြင်ဘက်မှာ အဆုံးမရှိ တန်းစီနေကြရတယ်။ ဒီမှာ ဒါမှမဟုတ် မြန်မာနိုင်ငံမှာ နေထိုင်စဉ်တုန်းက အသည်းရောင်အသားဝါစီပိုးကြောင့် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုကို သူတို့ တွေ့ခဲ့ကြရပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ စစ်တပ်က ပစ်မှတ်ထား အကြမ်းဖက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ထွက်ပြေးလာပြီးနောက် မရေရာမသေချာတဲ့ အခြေအနေတွေမှာ နေထိုင်လာခဲ့ကြရတာပါ။ 

လက်ရှိမှာတော့ သူတို့ဟာ မထွက်ခွာနိုင်တဲ့ စခန်းတွေထဲမှာ ပိတ်မိနေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို မှီခိုနေရပြီးတော့ MSF အဖွဲ့ရဲ့ ဆေးစစ်၊ စမ်းသပ်တာတွေနဲ့ ကုသခြင်းဝန်ဆောင်မှုတွေက စခန်းတွေထဲက လူထောင်ပေါင်းများစွာ အတွက် အသည်းရောင်စီ စောင့်ရှောက်မှုပေးတဲ့ တခုတည်းသော ဝန်ဆောင်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာတော့ ရိုဟင်ဂျာ အရွယ်ရောက်ပြီးသူ ၃ ဦးမှာ အနည်းဆုံး ၁ ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၅ ဦးမှာ ၁ ဦးနီးပါးကတော့ နာတာရှည် အသည်းရောင်စီရောဂါပိုး ရှိပြီး ခန့်မှန်းခြေ လူပေါင်း ၈၆,၀၀၀ ရှိနေတယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက စတင်ပြီးတော့ MSF အဖွဲ့အနေနဲ့ လစဉ် လူနာအသစ် ၁၅၀ နဲ့ ၂၀၀ အကြား လူနာ ၈,၀၀၀ ကျော်ကို တွေ့ရှိခဲ့ရပေမဲ့ ဒါဟာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ မလုံလောက်တာကြောင့် အသည်းရောင်အသားဝါ စီ စောင့်ရှောက်မှုကို ပံ့ပိုးနိုင်ဖို့ အရှိန်မြှင့် ကူညီပေးကြဖို့ အရေးပေါ် တောင်းဆိုထားပါတယ်။

ဒုက္ခသည်စခန်းတွင်း နေထိုင်သူ ကလေး ၅ ဦးရဲ့ဖခင် ရှမ်းဆူးလ်က “ကျနော် ဒီမှာ ဆေးကုသမှု မစခင် ၅ လ၊ ၆ လအတွင်းမှာ အိမ်အနီးနားက စျေးကိုတောင် မသွားနိုင်လောက်အောင် အခြေအနေက အရမ်းဆိုးရွားခဲ့ပါတယ်။ အနာဂတ်အကြောင်းတွေးတိုင်း လမ်းမှာ လဲကျသွားသလို ခံစားရတယ်။ အားနည်းပြီးတော့ ပင်ပန်းတယ်၊ မအီမသာဖြစ်တယ်။ ၃ လလောက် ဆေးကုသမှုခံယူပြီးမှ သက်သာလာတယ်။ မောပန်းနွမ်းနယ်တာတွေ၊ အစားအသောက် ပျက်တာတွေ၊ နာကျင်မှုတွေက တဖြည်းဖြည်း ပျောက်သွားတယ်” လို့ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ အသည်းရောင်အသားဝါ စီကြောင့် ကမ္ဘာတဝန်း လူပေါင်း ၂၄၂,၀၀၀ ဦး သေဆုံးခဲ့ပြီး အများစုမှာ အသည်းခြောက်တာနဲ့ အသည်းကင်ဆာလို  နောက်ဆက်တွဲပြဿနာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

MSF အဖွဲ့က ရပ်ရွာကျန်းမာရေးဝန်ထမ်း ဘာဒူရန်က “အသည်းရောင်အသားဝါစီပိုးက ရပ်ရွာတခုလုံးအတွက် အဓိက စိုးရိမ်စရာဖြစ်လာပါတယ်။ လူတွေရဲ့ နာကျင်ကိုက်ခဲမှုနဲ့ စိတ်ပျက်မှုတွေကို မြင်ရတာ နှလုံးသားကို ကြေကွဲစေတယ်။ ဒီအသိုက်အဝန်းရဲ့ အဖွဲ့ဝင် တယောက်အနေနဲ့ သူတို့ရဲ့ ရုန်းကန်မှုတွေကို မျှဝေချင်ပါတယ်။ လူတိုင်းကို ဆက် ဆံစေချင်ပေမယ့် မတတ်နိုင်ဘူး။ အသည်းရောင်အသားဝါစီပိုးကူးစက်မှာ ကြောက်တဲ့စိတ်က ရင်ဆိုင်ရခက်တဲ့ ရွေးချယ်မှုတွေကို အမြဲသတိပေးနေပါတယ်”လို့ ပြောပါတယ်။

လတ်တလောမှာတော့ MSF အဖွဲ့အနေနဲ့ ဒုက္ခသည်စခန်းတွေမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ရိုးရှင်းတဲ့ ကုသမှုပုံစံကို အခြေခံပြီးတော့ အသည်းရောင်အသားဝါစီပိုး ကုသခြင်းဆိုင်ရာ အမျိုးသားစီမံချက်ကို ရေးဆွဲဖို့အတွက် ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန် ကြီးဌာနနဲ့  လက်တွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013