DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ကြက်သွန်နီ ဆေးဖက်ဝင်
DVB
·
June 26, 2024
နွေဦးပြည်သူတို့အတွက် ကြက်သွန်နီ ဆေးဖက်ဝင်
Donate to DVB

အာဏာစစ်ဘီလူးရဲ့ ရမ်းကားမှုဘေးဒုက္ခ အဖုံဖုံကြား ခေါင်းငုံ့မခံ တော်လှန်သူ ဓမ္မဘက်တော်သား နွေဦးပြည်သူတရပ်လုံးနဲ့အတူ လက်လှမ်းမီဆေးပညာကလည်း ရင်ချင်းအပ် ကျောချင်းကပ်ပြီး တော်လှန်ရေးအောင်ပွဲဝင်တဲ့အထိ ဆက်လက် လက်တွဲချီတက်သွားဖို့ သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကြက်သွန်နီ ဆေးဖက်ဝင် အ‌ကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ကြက်သွန်နီကို သိပ္ပံလို Allium cepa လို့ခေါ်ပြီး အင်္ဂလိပ်လို the bulb onion နဲ့ common onion လို့ ခေါ်ကြပါတယ်။

ကြက်သွန်နီမှာ Calories, Protein, Carbs, Sugar, Fiber, Potassium, Vitamin C, folate, vitamin B6 စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ allicin, quercetin, fisetin, diallyl disulphide နဲ့ diallyl trisulphide, Thiosulfinates ဆာလ်ဖာဓာတ်ပေါင်းများ အပါအဝင် Anthocyanin, Quercetin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ကြွယ်ဝစွာပါဝင်ပြီး နှလုံးကျန်းမာရေးကို အကျိုးပြုခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ အရိုးသိပ်သည်းဆကို မြှင့်တင်ပေးနိုင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ အစာခြေကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း၊ ကင်ဆာရောဂါကို ဆန့်ကျင်ခြင်း စတဲ့အစွမ်းအာနိသင်များ ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ကြက်သွန်နီဥနဲ့ အရွက်ကို အဓိက သုံးစွဲကြပါတယ်။

ကြက်သွန်နီသည် သွေးတွင်းသကြားဓာတ်အဆင့်ကို လျှော့ချပေးနိုင်တာကြောင့် ဆီးချိုရောဂါဝေဒနာရှင်များ ကြက်သွန်နီအစိမ်း တနေ့ ၁၀၀ ဂရမ်ခန့် စားသောက်ပေးနိုင်ပါတယ်။

ကြက်သွန်နီဟာ အရိုးယိုယွင်းပျက်စီးမှုကို ကာကွယ်ပေးပြီး အရိုးကျန်းမာရေးနဲ့ အရိုးသိပ်သည်းဆကို မြှင့်တင်ပေးတာကြောင့် ကြက်သွန်နီ ပုံမှန်စားသုံးခြင်းက သွေးဆုံးပြီး အမျိုးသမီးများမှာ အရိုးဆုံးရှုံးမှုကို လျှော့ချနိုင်ပြီး အရိုးပွရောဂါကို ကြိုတင်ကာကွယ် ဟန့်တားနိုင်ပါတယ်။

ကြက်သွန်နီမှာ prebiotic နဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပြီး အစာခြေခြင်းကို ကူညီပေးတဲ့အပြင် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ရောင်ရမ်းမှုကို လျှော့ချပေးခြင်းနဲ့ အူကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။

ကြက်သွန်နီမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ ဝမ်းမှန်စေတဲ့အပြင် ဝမ်းချုပ်တာကို ကာကွယ်ပေးတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ် လုံလောက်စွာ စားသုံးခြင်းက အူမကြီးရောင်ရမ်းခြင်းနဲ့ အူမကြီးကင်ဆာကဲ့သို့သော အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

ကြက်သွန်နီမှာ ပါဝင်တဲ့ ရောင်ရမ်းမှုကို တိုက်ဖျက်ရာမှာ အရေးပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း quercetin က ရောင်ရမ်းမှုမော်လီကျူးများကို ဟန့်တားပေးတာကြောင့် အဆစ်အမြစ် နာကျင်ခြင်းနဲ့ အဆစ်အမြစ်ရောင် ရောဂါများမှာ ကြက်သွန်နီ စားသောက်ပေးတာက ထိထိရောက်ရောက် အကျိုးပြုပါတယ်။

ကြက်သွန်နီမှာ ပိုးသတ်ဆေးအာနိသင်လည်း ပါဝင်တာကြောင့် ဆီးအိမ်ပိုးဝင်ခြင်းနဲ့ ဆီးအိမ် ရောင်ရမ်းခြင်းအတွက် ကြက်သွန်နီ အနေတော် ၁ လုံးကို ခွဲစိတ်ပြီး ရေတဖန်ခွက်နဲ့စိမ်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကြက်သွန်နီမှာ quercetin ပါဝင်ခြင်းကြောင့် ကြက်သွန်နီကို ပုံမှန်စားသောက်ပေးတာက သက်ကြီးပိုင်း မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံကြောဆိုင်ရာ အားနည်းခြင်းနဲ့ အယ်လ်ဇိုင်းမား ရောဂါ ဖြစ်နိုင်ခြေများကို လျှော့ချပေးပါတယ်။

ကြက်သွန်နီမှာပါတဲ့ ဆာလဖာဒြပ်ပေါင်း၊ flavonoid နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ကြက်သွန်နီကို အသင့်အတင့် စားသုံးခြင်းဖြင့် အူမကြီး၊ လည်မျိုနဲ့ သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ကြက်သွန်နီမှာ ပြင်းထန်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိတာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

နှာစေး၊ နှာပိတ်ခြင်းအတွက် ကြက်သွန်နီကို ‌ရေနွေးမှာစိမ်ပြီး အငွေ့ကို ရှူပေးနိုင်ပါတယ်။

နားအူ၊ နားကိုက်ခြင်းများမှာ ကြက်သွန်နီအရည် နွေးနွေးလေးကို နားထဲ ထည့်ပေးနိုင်ပါတယ်။

ကြက်သွန်နီ သတ္တုရည်ကို ခေါင်းမလျှော်မီ နာရီဝက်ခန့် ကြိုတင် ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် ဦးရေပြားကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့အပြင် သန်းနဲ့ ဗောက်များ ကင်းစင်ခြင်း၊ ဆံပင်သန်စွမ်းစေခြင်း အကျိုးကို ရရှိစေပါတယ်။

ထိခိုက်ရှနာများမှာ ကြက်သွန်နီ သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် ပိုးဝင်ခြင်းကို ကာကွယ်ပေးပြီး အနာကျက်စေပါတယ်။

သံစူးခြင်းအတွက် ဒဏ်ရာကို သန့်ရှင်းအောင် ဆေးကြောပြီးနောက် ကြက်သွန်နီကို ကန့်လန့်ဖြတ်ပိုင်းပြီး မီးကင်ကာ နွေးနွေးလေးကို ၁၀-၁၅ ကြိမ်ခန့် ကပ်ပေးပါ။ ကြက်သွန်နီထောင်းပြီး စည်းထားပေးပါ။

ကြက်သွန်နီကို ပုံမှန် စားသောက်ပေးခြင်းဖြင့် ကိုယ်တွင်းခုခံအားကို မြှင့်တင်ပေးပြီး ရောဂါဘယများကို ဆန့်ကျင်တိုက်ခိုက်နိုင်ပါတယ်။

ကြက်သွန်နီ သင့်တော်ရုံ စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ ကြက်သွန်နီ လှီးဖြတ် ပြင်ဆင်ခြင်းမှာ မျက်လုံးစပ်ခြင်း၊ မျက်ရည်ကျခြင်း ဖြစ်တတ်ပါတယ်။ ကြက်သွန်နီကို ညက်အောင်မဝါးဘဲ စားမယ်ဆိုရင် အစာမကြေခြင်း၊ ရင်ပူခြင်းနဲ့ လေတက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ကြက်သွန်နီစားခြင်းက ခံတွင်းနံ့ဆိုးစေပြီး ခန္ဓာကိုယ် အနံ့ဆိုးကို ဖြစ်စေနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးတာကြောင့် ဆီးချိုဝေဒနာရှင်များ အလွန်အကျွံ စားသောက်ခြင်းကို ရှောင်ပါ။ ကြက်သွန်နီနဲ့ ဓာတ်မတည့်သူများ ကြက်သွန်နီထွက် ပစ္စည်းများကို ရှောင်ကြဥ်သင့်ပါတယ်။

နွေဦးပြည်သူများ ကြက်သွန်နီရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ပန်းတိုင်မှာ အတူပြန်ဆုံကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013