DVB Logo
Home
မြန်မာသတင်း
မြို့နယ်ခန်းမ အပါအဝင် သံတွဲမြို့ အချက်အချာ နေရာများကို AA သိမ်းပိုက်
DVB
·
June 24, 2024
မြို့နယ်ခန်းမ အပါအဝင် သံတွဲမြို့ အချက်အချာ နေရာများကို AA သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရဲ့ မြို့နယ်ခန်းမအပါအဝင် အချက်အချာကျတဲ့နေရာတွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရသလို ဇွန် ၂၃ ရက် ညနေပိုင်းမှာ စစ်တပ် ပစ်ခတ်လို့ စစ်ဘေးရှောင်ဖို့သွားခေါ်တဲ့ အမျိုးသား ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရသွားပါတယ်။

ဇွန် ၂၂ ရက်နဲ့ ၂၃ ရက်က AA တပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သံတွဲမြို့ဝန်းကျင်မှာ တပ်စွဲထားတဲ့ စစ်သားတွေဟာ မြို့ထဲအထိ တပ်ဆုတ်လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၂၃ ရက်မှာ စစ်ကောင်စီတပ်ရင်း ၂ ခုရှိနေတဲ့ ငပလီကမ်းခြေက မိသားစုတွေကို သွားခေါ်တဲ့ သံတွဲမြို့က အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီး တဦး သေဆုံးခဲ့ပါတယ်။

သူတို့ကို ကူညီပေးနေသူ ဒေသခံတဦးက “သူတို့က ငပလီက စစ်တပ် ၂ ခုကြားမှာ သူတို့မိသားစုဝင်တွေကို ကားနဲ့ သွားခေါ်တာ။ စစ်တပ်က ပစ်တော့ ကားမောင်းတဲ့သူကို ထိပြီး ဘေးက လမ်းကြားထဲထိုးဝင်သွားတယ်။ အဲဒါကြောင့် နည်းနည်း သက်သာသွားတာ။ ကားမောင်းတဲ့သူ သေတယ်။ နောက်တယောက်က ဗိုက်ထဲမှာ ကျည်ဆန်ဝင်သွားတယ်။ ခြေထောက်မှာလည်း ဒဏ်ရာရတယ်။ သံတွဲမှာ ကုလို့မရလို့ ရန်ကုန်ကိုပို့ဖို့ လုပ်နေတယ်။ နောက် ကောင်လေးတယောက်လည်း ခြေထောက်မှာ ဒဏ်ရာတွေ အများကြီးရတယ်” လို့ ပြောပါတယ်။

ဇွန် ၂၂ ရက်နေ့က သံတွဲ လေဆိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ငပလီလမ်းဆုံမှာရှိတဲ့ ခလရ ၅၅ တပ်ရင်းအထိ ဆုတ်ခွာလာရပြီး လေဆိပ်အနီးမှာရှိတဲ့ ခမရ ၅၆၆ တပ်ရင်းကိုလည်း AA က အပြင်းအထန်တိုက်ခိုက်နေပါတယ်။

လက်ရှိမှာတော့ သံတွဲမြို့ပေါ်က ရဲစခန်းနဲ့ မြို့နယ်ခန်းမတို့အထိ AA တပ်တွေက ရောက်ရှိနေပြီး စစ်ကောင်စီတပ်က  Y12 လေယာဉ်ကလည်း မြို့ပေါ်မှာ ဝဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တယောက်က “လေယာဉ်ကတော့ ဘာမှ မလုပ်သေးဘူး။ အမြောက်နဲ့ပစ်လို့ မြို့လယ် အနော်ရထာလမ်းပေါ်က အိမ်တလုံး နည်းနည်းပျက်စီးတယ်။ အမြောက်ကတော့ တချိန်လုံး ပစ်နေတာ။ ငရုတ်သီးထောင်းနေသလိုပဲ။ မြို့ပေါ်မှာက လူမရှိသလောက်ပဲ။ စစ်ကောင်စီရဲ့ ဝန်ထမ်းတွေလည်း မရှိတော့ဘူး။ မြို့ထဲမှာ သွားလာရ မလုံခြုံလို့ သေသေချာချာ မသိပေမဲ့ မြို့ပေါ်ကို AA တွေ ရောက်နေတာတော့ သိတယ်” လို့ ပြောပါတယ်။

ဇွန် ၂၃ ရက်နေ့ကတော့ စစ်တပ်က ၇ လကြာ ပိတ်ထားတဲ့ သံတွဲမြို့အထွက် စာနီတောင်ဂိတ်ကို ဖွင့်ပေးတာကြောင့် ဒေသခံအများအပြားဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမဲ့ ရွာတွေနဲ့ မြို့ပေါ်မှာတော့ ဒေသခံတချို့ ကျန်နေသေးတယ်လို့ သိရပါတယ်။

ဇွန် ၂၂ ရက်ညပိုင်းကလည်း သံတွဲမြို့နဲ့ကပ်လျက်မှာရှိတဲ့ ရွှေကျောင်းပြင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၃ ရက်အတွင်း ပြည်သူ ၇ ဦး သေဆုံးခဲ့သလို AA နဲ့ တိုက်ပွဲဖြစ်ပြီး ၂ လလောက်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ဒေသခံ အယောက်  ၆၀ လောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

စစ်တပ်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းတွေကတော့ သံတွဲလေဆိပ်ကို AA က သိမ်းပိုက်ပြီး လေယာဉ် ၂ စင်းကိုပါ ရရှိသွားတယ်လို့ ပြောဆိုကြပေမဲ့ အသေးစိတ်ကိုတော့ စုံစမ်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013