Home
မြန်မာသတင်း
ကျိုက်ထိုတွင် စစ်တပ်လက်နက်ကြီးကြောင့် ဘုန်းကြီး ၂ ပါး နှင့် အရပ်သား ၂ ဦး ဒဏ်ရာရ
DVB
·
June 23, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုန်းကြီး ၂ ပါးနဲ့ အရပ်သားပြည်သူ ၂ ယောက် ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တလုံးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ ဇွန် ၂၁ ရက်‌ မွန်းလွဲ ၃ နာရီက ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီး ၂ လုံးဟာ ခရွဲကျေးရွာက တောင်ကျောင်းဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ တောင်ကျောင်း ကျောင်းထိုင်ဆရာတော်နဲ့ ဦးဇင်းတပါး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက် ၇၅ နှစ်အရွယ် ဦးစံတင်က ခြေထောက်ထိခိုက်ဒဏ်ရာ၊ အသက် ၆၂ နှစ်အရွယ် ဒေါ်စန်းမြင့်က ပေါင်ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျောင်းဆောင်လည်း ပျက်စီးခဲ့ပါတယ်။

မွန်းလွဲ ၄ နာရီလောက်မှာလည်း အမတ ၃၁၀ က ၁၂၀ မမ လက်နက်ကြီး ၁ လုံးထပ်ပစ်ခဲ့ပြီး မုက္ခမော့ရွာ၊ အောင်နဝင်းဘုန်းကြီးကျောင်းဘေးက နေအိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်လုံးဝ ပျက်စီးခဲ့ပါတယ်။

ကျိုက်ထိုဒေသခံတယောက်က “တိုက်ပွဲမရှိဘဲ လက်နက်ကြီး ၃ လုံးပစ်လိုက်တာ၊ ၂ လုံးက ခရွဲရွာ ဘုန်းကြီးကျောင်းပေါ်ကျပြီး တလုံးက မုက္ခမော့ရွာဘုန်းကြီးကျောင်းဘေးအိမ်ကိုကျတာ။ ခရွဲ‌ရွာ တောင်ကျောင်းဘုန်းကြီးကျောင်းပေါ်ကျပြီး ဘုန်းကြီး ၂ ပါးနဲ့ အဘိုး၊ အဘွား ၂ ဦးဒဏ်ရာရတယ်။ အဘိုးအိုကလည်း ခြေထောက်ဖြတ်ရမယ်ဆိုတော့ စိုးရိမ်ရတယ်။ အဘိုး၊ အဘွားကိုတော့ ဆေးရုံတင်ရတယ်။ ဘုန်းကြီး ၂ ပါးကတော့ မစိုးရိမ်ရတော့ ဆေးရုံမတင်ရဘူး” လို့ ပြောပါတယ်။

ဒဏ်ရာရရှိတဲ့ ဘုန်ကြီး ၂ ပါးနဲ့ ပြည်သူ ၂ ယောက်ထဲက ဒဏ်ရာများတဲ့ ဦးစံတင်ကို ပဲခူးဆေးရုံကြီးမှာ ဆေးကုသနေပြီး ဒဏ်ရာနည်းတဲ့ ဒေါ်စန်းမြင့်ကိုတော့ သိမ်ဇရပ်ဆေးရုံမှာ ဆေးကုသနေပါတယ်။

စစ်ကောင်စီက ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာနဲ့ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံအများအပြားလည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာမှာလည်း ဇွန် ၂၀ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ကလည်း အမတ ၃၁၀ ကပစ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ကျိုက်ထိုမြို့နယ်၊ အခိုင်ကျေးရွာနဲ့ သုံးခွကျေးရွာကြားထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၂ ယောက် သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024