Home
မြန်မာသတင်း
ဂန့်ဂေါတွင် ဗုံးသီးကိုကောက်ယူရင်း ပေါက်ကွဲသဖြင့် ကလေး ၁ ဦး သေ၊ ၂ ဦးဒဏ်ရာရ
DVB
·
June 22, 2024

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဗုံးသီးကိုကောက်ယူရင်း ပေါက်ကွဲခဲ့တာကြောင့် ကလေး ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ပစ်ခတ်ခဲ့ပြီး သာလင်းကျေးရွာနားက တောင်ယာခင်းထဲကိုကျရောက်နေတဲ့ လက်နက်ကြီးကျည်ကို ဇွန် ၂၀ ရက်နေ့ မနက် ၉ နာရီခွဲဝန်းကျင်မှာ ကလေးငယ်တွေက  ကောက်ယူရာကနေ ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၁ ယောက် သေဆုံးပြီး ၂ ယောက် ကတော့ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

သာလင်းရွာ အနောက်ဘက်ကို နွားကျောင်းသွားတဲ့ ကလေး ၃ ယောက်ဟာ ၄၀ မမ ဗုံးသီးကို ကောက်ရလို့ ယူဆော့ကြရင်း ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုအတွင်း အသက် ၁၁ နှစ်အရွယ် တုတ်တုတ်ဆိုတဲ့ ယောကျ်ားလေး ပွဲချင်းပြီး သေဆုံးခဲ့သလို အသက် ၁၄ နှစ်နဲ့ အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေး ၂ ယောက်ကတော့ ထိခိုက်ဒဏ်ရာတွေကို ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဒေသခံတွေ ဆိုပါတယ်။

သာလင်းရွာခံ အမျိုးသမီးတယောက်က“မနေ့ကဖြစ်တာ။ လက်နက်ကြီးအလုံးဆိုလား ကောက်ရတာတဲ့၊ အဲဒါကို ကလေးတွေက အပေါ်လေးတင်ထားတာ ကျသွားတယ်တဲ့။ တယောက်ကတော့ ပွဲချင်းပြီးသေတာ။ ၂ ယောက်ကတော့ ဆေးရုံသွားကြပြီ။ ကလေးတွေက တောထဲ နွားကျောင်းသွားကြတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး မပေါက်ကွဲသေးဘဲ ယာထဲကိုကျနေတာလို့လည်း ဒေသခံတယောက်က ပြောပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲရဲ့ တာဝန်ရှိသူတယောက်ကလည်း “အရင်ရက်တွေက ဂန့်ဂေါ ခလရ ၅၀ ခွေးတပ်ကနေ ပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့မကြာခဏဆိုသလို ပစ်တယ်။ အခုလို ကလေးငယ်တွေ သေဆုံးရတာက စိတ်မကောင်းစရာပါ။ စစ်တပ်ရဲ့ကျေးဇူး မူးလို့ ရှူစရာမရှိဘူးဆိုတာ သိပ်မှန်တာ။ အဲဒါကြောင့်မို့လည်း ခွေးတပ်ကိုအမြစ်ပြတ်အောင်တိုက်နေတာပါ” လို့ ပြောပါတယ်။

အခုဖြစ်စဉ်ကို နမူနာယူပြီး မပေါက်ကွဲသေးဘဲကျန်နေတဲ့ ကျည်ဆံတွေ၊ ဗုံးတွေကို မကိုင်တွယ်ကြဘဲ ဝေးဝေးကရှောင်ကြဖို့၊ လူကြီးမိဘတွေအနေနဲ့လည်း မိမိတို့ရဲ့ရင်သွေးငယ်တွေကို အထူးတလည် သင်ကြားပေးထားကြဖို့လည်း သူက ဆက်ပြောပါတယ်။

သာလင်းကျေးရွာဟာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အထိုင်ချခဲ့တဲ့ တောင်ခင်ရန်းကျေးရွာ နယ်မြေရဲစခန်းနဲ့ ၂ ဖာလုံပဲဝေးကွာပြီး ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့ကလည်း ဂန့်ဂေါမြိုနယ်ထဲက အောင်မြင်ကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အပြစ်မဲ့ဒေသခံပြည်သူ ၃ ယောက် သေဆုံးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024