DVB Logo
Home
မြန်မာသတင်း
၂၀၂၄ ခုနှစ် ပထမငါးလတွင် ခရီးသွား ၁ သိန်းကျော်သာ ဝင်ရောက်
DVB
·
June 21, 2024
၂၀၂၄ ခုနှစ် ပထမငါးလတွင် ခရီးသွား ၁ သိန်းကျော်သာ ဝင်ရောက်
Donate to DVB

နိုင်ငံရေးမတည်ငြိမ်တာ၊ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာတွေကြောင့် မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွား လာရောက်မှု သိသိသာသာ လျော့ကျသွားခဲ့ပြီး စစ်ကောင်စီဟာ ခရီးသွားကဏ္ဍ တိုးတက်လာဖို့ တရုတ်နဲ့ ရုရှားခရီးသွားတွေကို အသည်းအသန် ကြိုးစားပေမဲ့ ၂၀၂၄ ခုနှစ်ရဲ့ ပထမငါးလမှာ ခရီးသွားဝင်ရောက်မှုက တသိန်းကျော်သာရှိပါတယ်။

ဝါရင့် ခရီးသွားလုပ်ငန်းရှင်တဦးက “ကျနော်တို့ သိထားသလောက်ကတော့ လက်ရှိနိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုပေါ့နော်၊ ဒီအပေါ့်မှာ ခရီးသွားတွေက စိုးရိမ်တာလည်းပါတယ်။ နောက်တခါ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီတွေက ရောင်းချဖို့ ဝန်လေးတာလည်းပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်ကို မရောင်းဘူးပေါ့နော်။ အခြေအနေ စောင့်ကြည့်နေတဲ့ သဘောရှိပါတယ်။ ခရီးစဉ်တွေကို promote လုပ်ပြီး ရောင်းချဖို့ သူတို့မှာလည်း အခက်အခဲ ရှိနေတယ်။ အဲတော့ ရလဒ်အားဖြင့် ခရီးသည်ဝင်ရောက်မှု နည်းလာတာပါ။ ဒီအတွက်ကြောင့်လည်း ကျနော်တို့က သက်ဆိုင်ရာ နိုင်ငံတွေမှာ ခရီးသွားကုမ္ပဏီတွေက ယုံကြည်စိတ်ချစွာနဲ့ မြန်မာနိုင်ငံကို ရောင်းချဖို့ အရေးကြီးပါတယ်။ သူတို့ရောင်းချမှ ခရီးသည်တွေက လာလို့ရမှာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ တရုတ်နဲ့ ရုရှားခရီးသွားဝင်ရောက်မှုတိုးတက်လာစေဖို့ အဲဒီနိုင်ငံက ခရီးသွား ကုမ္ပဏီတွေ၊ အေဂျင်စီတွေကို ဖိတ်ခေါ်ပြီး fam trip လို့ခေါ်တဲ့ ခရီးသွားမြှင့်တင်ရေး အစီအစဉ်တွေကို ၂၀၂၃ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၄ နှစ်ဆန်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဗီဇာ ဖြေလျော့တာတွေ၊ ရရှားနဲ့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲတာတွေပါ လုပ်ခဲ့ပေမဲ့လည်း ရှရှားခရီးသွားဧည့်သည်တွေက တိုးတက်ဝင်ရောက်လာတာ မရှိခဲ့ပါဘူး။

ဒါနဲ့ပက်သက်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းရှင် တဦးက “ရုရှားနဲ့ မြန်မာနိုင်ငံက တိုက်ရိုက်လေကြောင်းပျံသန်းမှု ရှိနေပေမဲ့ ပျံသန်းတဲ့ အကြိမ်အရေအတွက်က နည်းနေသေးတယ်။ သူတို့ဆီက မြို့တော်ကနေ တိုက်ရိုက်ချိန်ဆက်မှု မရှိသေးဘူး။ ပြည်နယ်ကနေပြီးတော့ပဲ ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် ခရီးသည်က နည်းသေးတယ်။ အဲတာကြောင့် ရုရှားခရီးသည်က မျှော်မှန်းသလောက် မရသေးပါဘူး။ တရုတ်နိုင်ငံကတော့ နဂိုကတည်းက ကျနော်တို့နိုင်ငံကို ခရီးသည်လာရောက်မူက အများဆုံးဖြစ်တယ်။ အခုလေကြောင်း ပျံသန်းမှု စတဲ့ အချိန်မှာလည်း ပြန်ပြီးဆက်သွယ်တဲ့အခါမှာ ခရီးသည်ရတဲ့အတွက် ခရီးစဉ် ပျံသန်းမှုတွေ ရှိနေပါတယ်။ တရုတ်ခရီးသည် မြန်မာနိုင်ငံကို ဝင်ရောက်မှုက လက်ရှိမှာ အများဆုံးပါပဲ။ အားရစရာလည်း အခု လောလောဆယ်က ရှိနေပါသေးတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်မဖြစ်ခင် ၂၀၁၉ ခုနှစ် ပထမ ငါးလမှာ ပြည်ပခရီးသွား ဝင်ရောက်မှုက ၁ ဒသမ ၈ သန်းထိရှိခဲ့ပါတယ်။ အခု ၂၀၂၄ ပထမ ငါးလမှာတော့ ပြည်ပ ခရီးသွား ၁ သိန်းကျော်သာ ရှိပြီး ထိုင်းနဲ့ တရုတ်နိုင်ငံသား ခရီးသည်တွေ အများဆုံး ဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်ခရီး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီပမာဏက ၂၀၂၃ ခုနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်တက်လာတယ်ဆိုပေမဲ့ ပြီးခဲ့တဲ့ ဧပြီလကစတင်ပြီး ထိုင်းနဲ့ တရုတ်ခရီးသွား ဧည်သည်တွေပါ ပုံမှန်ဝင်ရောက်နေကျအောက် လျော့နည်းသွားတယ်လို့ ပြည်တွင်း ခရီးသွား လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“မြေပြင် အခြေအနေအားဖြင့် ကြည့်မယ်ဆိုရင်တော့ ၂၀၂၃ရဲ့ နောက်ဆုံးသုံးလပတ်ထက်စာရင် ၂၀၂၄ ပထမ သုံးလပတ်မှာတော့ ခရီးသည်ဝန်ရောက်မှု ပိုမြင့်တက်လာတာ တွေ့ရပါတယ်။ အဲတော့ ၂၀၂၄ က အစကောင်းတယ်လို့ ပြောလို့ရပေမဲ့ ဒုတိယ သုံးလပတ်မှာကျတော့ ပြန်လျော့ကျသွားပါတယ်။ ဒါကလည်း ပုံမှန် low season လို့ ပြောတဲ့အတွက် ပုံမှန်လျော့နည်းနေကျ ပုံစံပေါ့။ ဒါပေမဲ့ ဒီနှစ်မှာတော့ လျော့နည်းနေကျ ပုံစံထက် ပိုပြီးလျော့သွားတာမျိုးတော့ ကျနော်တို့ တွေ့ရပါတယ်” လို့ ပြောပါတယ်။

လာမယ့် ပွင့်လင်းရာသီမှာ ခရီးသွားမြှင့်တင်မှုတွေ ကောင်းကောင်းလုပ်နိုင်မှသာ လုပ်ငန်းတွေ ပြန်ရပ်တည်နိုင်မှာဖြစ်ပြီး ပုဂံ၊ အင်းလေးနဲ့ ရန်ကုန်၊ မန္တလေးတို့လို ခရီးစဉ်တွေကိုလည်း ခရီးသွားဈေးကွက်ထဲ ဆက်ပြီး ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးသင့်တယ်လို့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

“အဲလိုလုပ်မှ လာမယ့် ပွင့်လင်းရာသီမှာ ခရီးစဉ်တွေရောင်းနိုင်မယ်မဟုတ်ရင်တော့ ခရီးသွားကထပ်ပြီး ပိုကျသွားဖို့ ရှိပါတယ်။ လက်ရှိအခြေအနေကလည်း မတည်ငြိမ်မှုတွေ ဖြစ်နေတော့ အနုတ်လက္ခဏာဘက်ကို ဆောင်နေတယ်။ ကျနော်တို့ဘက်က ဒီလိုတွေလုပ်မှ ပြန်အပေါင်‌ေလက္ခဏာဆောင်ခရီးသွားလုပ်ငန်းတွေ ပြန်ရပ်တည်နိုင်မယ်၊ အခုလောလောဆယ်တော့ အခြေအနေကတော့ အားရစရာသိပ်မရှိသေးပါဘူး” လို့ ခရီးသွားလုပ်ငန်းရှင် တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာလည်း ကမ်းခြေဒေသအချို့မှာ တိုက်ပွဲတွေကြောင့် သွားလာနိုင်ခွင့်တွေ ပိတ်ကုန်တာက ခရီးသွားလုပ်ငန်းကို ထိခိုက်မှု အများကြီးရှိခဲ့ပါတယ်၊၊ ပြည်ပခရီးသွားဝင်ရောက်မှုက ၂၀၂၃ ခုနှစ်မှာ ၁ သန်းဝန်းကျင်ရှိခဲ့ပြီး ၂၀၂၉ ခုနှစ်မှာတော့ ၄ ဒသမ ၅ သန်း ဝန်းကျင်ထိ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013