DVB Logo
Home
အားကစား
အင်္ဂလန်အသင်း ခြေစွမ်းမပြနိုင်သည့်အပေါ် တာဝန်ရှိကြောင်း နည်းပြဆောက်ဂိတ် ဝန်ခံ
DVB
·
June 21, 2024
အင်္ဂလန်အသင်း ခြေစွမ်းမပြနိုင်သည့်အပေါ် တာဝန်ရှိကြောင်း နည်းပြဆောက်ဂိတ် ဝန်ခံ
Donate to DVB

ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်း ခြေစွမ်းပြနိုင်ခြင်း မရှိသေးတဲ့အပေါ် မိမိမှာတာဝန်ရှိကြောင်း နည်းပြဆောက်ဂိတ်က ဝန်ခံပြောသွားပါတယ်။

အင်္ဂလန်အသင်းဟာ ဆားဘီးယားနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမဲ့ စွမ်းဆောင်ရည်မကောင်းခဲ့သလို ဒိန်းမတ်နဲ့ တဂိုးစီသရေကျတဲ့ပွဲမှာလည်း အသာစီးကစားနိုင်ခြင်း မရှိခဲ့တာပါ။

ဒိန်းမတ်နဲ့ပွဲမှာ ဘောလုံးကို ကောင်းမွန်စွာ လုယူနိုင်ခြင်း မရှိခဲ့သလို ဘောလုံးပိုင်ဆိုင်မှုလည်း ရယူနိုင်ခြင်းမရှိကြောင်း၊ အဲဒီအချက်နှစ်ချက်ကြောင့် ပွဲကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲခဲ့တာဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။

ဒါပေမဲ့ ကစားသမားတွေအားလုံး အစွမ်းရှိသလောက် ကြိုးစားကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်း မရှိတာက နည်းပြဖြစ်သူ မိမိရဲ့အပေါ်မှာပဲ တာဝန်ရှိကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။

ဒိန်းမတ်နဲ့ပွဲစဉ်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင် အော်ဟစ်တာတွေလည်း ခံခဲ့ရပြီး ပရိသတ်တွေရဲ့ တုံ့ပြန်ချက်အပေါ် နားလည်လက်ခံနိုင်ကြောင်း နည်းပြ ဆောက်ဂိတ်က ပြောသွားပါတယ်။

အင်္ဂလန်အသင်းမှာ လီဗာပူး ညာနောက်ခံလူ အာနိုးလ်ကို ကွင်းလယ်မှာ ကစားစေတာက အဆင်မပြေကြောင်း ကစားသမားဟောင်း ရွိုင်ကိန်းက ဝေဖန်သွားပါတယ်။

အင်္ဂလန်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဒိန်းမတ်နဲ့ပွဲစဉ်မှာလည်း အာနိုးလ်ကို ကွင်းလယ်ကစားသမားအဖြစ် ပွဲထွက်ကစားစေခဲ့တာပါ။

အင်္ဂလန်အသင်းကွင်းလယ်ဟာ ဒိန်းမတ်ကို အသားစီမရခဲ့ဘဲ ခက်ခက်ခဲခဲ ကစားခဲ့ရတာနဲ့ ပတ်သက်ပြီး ညာနောက်ခံလူတဦးဟာ ကွင်းလယ်နေရာမှာကစားဖို့ အမြဲတမ်း အဆင်မပြေနိုင်ကြောင်း ရွိုင်ကိန်းက ဝေဖန်ခဲ့တာပါ။

ဆားဘီးယားနဲ့ ဒိန်းမတ်အသင်းတို့ဟာ ပြင်သစ်၊ စပိန်အသင်းတွေလို ပြိုင်ဘက်တွေလည်း မဟုတ်ပေမဲ့ အင်္ဂလန်ကွင်းလယ်က ခက်ခက်ခဲခဲ ကစားခဲ့ရတာဟာ ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ကြောင်း၊ ကွင်းလယ်နေရာက တောင်းဆိုမှုများတဲ့နေရာဖြစ်ပြီး ကလပ်အသင်းမှာ ပွဲတိုင်းကစားနေကျ ကစားသမားမဟုတ်ဘဲ အဆင်မပြေနိုင်ကြောင်း ရွိုင်ကိန်းက ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013