DVB Logo
Home
မြန်မာသတင်း
လပွတ္တာကျောင်းများတွင် ပြင်ပဆရာငှားရန် ငွေကောက်ခံ၊ တိုးမြစ်အတွင်း ရေယာဉ်များကို စစ်တပ်က ငွေညှစ်
DVB
·
June 18, 2024
လပွတ္တာကျောင်းများတွင် ပြင်ပဆရာငှားရန် ငွေကောက်ခံ၊ တိုးမြစ်အတွင်း ရေယာဉ်များကို စစ်တပ်က ငွေညှစ်
1 / 3
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်မှာ ပြင်ပဆရာ၊ ဆရာမ ငှားဖို့အတွက်ဆိုပြီး ငွေကောက်ခံနေတယ်လို့ ဒေသခံ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

လပွတ္တာခရိုင်က စစ်ကောင်စီဖွင့်လှစ်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေမှာ အထက်တန်းစာ သင်ကြားမယ့် ဆရာ၊ ဆရာမ မရှိလို့ ပြင်ပ ဆရာ၊ ဆရာမတွေ ငှားရမ်းဖို့ဆိုပြီး ကျောင်းသားတယောက်ကို ကျပ် ၁၀,၀၀၀ အထိ ကောက်ခံနေတယ်လို့ ဆိုပါတယ်။

“အထက်တန်းကျောင်းကတော့ ကျနေပြီ၊ သင်ကြားပေးမယ့် ဆရာ၊ ဆရာမက မရှိဖြစ်နေလို့ ကျောင်းသားမိဘတွေကို အုပ်ချုပ်ရေးမှူးနဲ့ ဆရာ၊ ဆရာမတွေက အစည်းအဝေးခေါ်ပြီး တလကို ကျောင်းသားတဦးကို ငွေကျပ် ၁၀,၀၀၀ အထိပေးဖို့ ပြောတယ်။ အုပ်ချုပ်ရေးမှူးက သူတို့အနေနဲ့က ပြင်ပဆရာ ငှားသင်ရမှာမို့ပါတဲ့လို့ အစည်းအဝေးမှာပြောတယ်။ ပြောတော့လည်း အခမဲ့ပညာရေးစနစ်တဲ့၊ ရုပ်ပြသက်သက်သာရှိတယ်” လို့ ဒေသခံ ကျောင်းသားမိဘတယောက်က ပြောပါတယ်။

လပွတ္တာခရိုင်ထဲက အထက်တန်းကျောင်းကျပြီး စာသင်‌ေကျာင်းမှာ Grade-11, Grade-12 အဆင့် ကျောင်းသား ကျောင်းသူတွေကို သင်ကြားဖို့အတွက် ပြင်ပဆရာတွေ ငှားရမ်းမှာဖြစ်ပြီး ငှားရမ်းခအတွက် ဇွန်လကစတင်ပြီး ကျောင်းသားမိဘတွေက ကျောင်းတက်မယ့်ကလေးတွေနဲ့ ကောက်ထားတဲ့ပိုက်ဆံကို တခါတည်း ထည့်ပေးလိုက်ဖို့ ပြောတယ်လို့ ဆိုပါတယ်။

လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်မှ ကျောင်းသားမိဘတယောက်က “ကျောင်းတွေကတော့ ခေါင်းစဉ်အမျိုးမျိုးတပ် ကောက်နေတာပဲ ပိုက်ဆံတွေကတော့။ အခု ကျမတို့ကျောင်းမှာ တလတခါ ထည့်ရမှာတဲ့။ ကလေးတွေ ကျောင်းထားဖို့တောင် မနည်းလုပ်နေရတာ။ ထည့်ရမယ်ဆိုတော့ ခက်တာပေါ့။ မဖြစ်မနေဆိုတော့ ကိုယ့်ကလေးတွေ မျက်နှာငယ်ရတယ်လေ ထည့်ရတာပဲ” လို့ ပြောပါတယ်။

လပွတ္တာခရိုင်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ အထက်တန်းပြ ဆရာ၊ ဆရာမတွေ များလွန်းတာကြောင့် အခုလို အခြေအနေတွေ ဖြစ်ပေါ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီက တနိုင်ငံလုံး အတိုင်းအတာနဲ့ ဇွန်လ ပထမအပတ်ကစတင်ပြီး အခြေခံပညာကျောင်းတွေ အားလုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ကာ ကျောင်းတွေကို စစ်ကောင်စီတပ်က တချို့ကျောင်းတွေမှာ လုံခြုံရေးယူပေးတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က တိုးမြစ် အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဇွန် ၁၄ ရက်က စပြီး ကင်းလှည့်စစ်ဆေးကာ ကင်းကြေးပါကောက်နေလို့ ရေလမ်းကြောင်းကို အသုံးပြုနေရတဲ့ လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဇွန် ၁၄ ရက်က စတင်ကာ စစ်ကောင်စီတပ်နဲ့ ရဲတွေက မအူပင်မြို့နယ်က တိုးမြစ်ထဲမှာ ရေယာဉ်တွေအသုံးပြု စစ်ဆေးနေတာဖြစ်ပြီး ရေလုပ်သားတွေရဲ့ ငါးဖမ်းစက်လှေတွေနဲ့ ရေလမ်းအသုံးပြုသူတွေဆီကနေ ကင်းကြေးဆိုပြီး ငွေကျပ် ၄၀,၀၀၀ အထိ ကောက်နေတာလို့ ဆိုပါတယ်။

တိုးမြစ်ထဲ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတယောက်က “အမည်မသိ လက်နက်ကိုင်သူတွေက ရေကြောင်းကလာမယ်ဆိုပြီး ဆိုင်းမဆင့် ဗုံမဆင့် နေ့တိုင်းကို စစ်နေတာပဲ။ စစ်ဆေးတာအပြင် မဟုတ်ဘူး၊ ပိုက်ဆံ တောင်းနေတာ။ တိုးမြစ်ထဲမှာ ငါးဖမ်းတဲ့အလုပ်က ကျနော်တို့ရဲ့ အဓိက အသက်မွေးဝမ်းကြောင်းအလုပ်ပဲ။ အခုမှ ပိုက်ဆံကောက်တော့ ငါးဖမ်းမထွက်ရဲဘူး။ လူဖမ်းရင်ဖမ်းတာ။ ရဲတွေကော စစ်ကောင်စီတပ်ကောက” လို့ ပြောပါတယ်။

တိုးမြစ်ထဲ အခုလို စစ်ဆေး ငွေကောက်နေတဲ့အတွက် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့သူတွေနည်းတူ ရေယာဉ်အငှားလုပ်ကိုင်သူတွေ၊ စက်လှေအငှားလိုက်တဲ့သူတွေနဲ့ တခြား အဲဒီရေလမ်းကို မသုံးပြုနေတဲ့ ဒေသခံတွေ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

ရေယာဉ်အငှားလုပ်ငန်း လုပ်ကိုင်သူတယောက်က “အမည်မသိ လက်နက်ကိုင်သူတွေကို ဖမ်းမိ မမိတော့ မသိဘူး၊ ဒီဘက်က ဒေသခံတွေတော့ အကုန်ဒုက္ခရောက်နေပြီ။ အခုလ ၁၄ ရက်ကတည်းက သောင်းကြမ်းနေတာ။ ဒီနေ့ စစ်ဆေးလို့ မိ၊ ငွေပေး၊ နောက်နေ့ ထပ်စစ်ဆေး၊ ထပ်ပြီးငွေပေးရတာ။ ကုန်ပစ္စည်းတွေ ပြတ်နေလို့ မအူပင်ထွက်လာတာ လမ်းမှာရောက်တော့ စစ်ဆေးနေတာတွေ့လို့ ပြန်လှည့်လာခဲ့ရတယ်။ ကျနော်တို့ဒေသတွေက ရေလမ်းကို အဓိကအသုံးပြုနေရတုန်းပဲ။ ဒီလို စစ်ဆေး ငွေညှစ်တော့ ဒုက္ခတွေ အထုပ်လိုက် ပေးလိုက်တာပဲ” လို့ ပြောပါတယ်။

အခုလို တိုးမြစ်ထဲမှာ ငါးဖမ်းစက်လှေတွေကို စစ်ဆေး ဖမ်းဆီး ငွေကောက်နေတာကြောင့် ငါးဈေးကွက်ပါ ထိခိုက်လာနိုင်ပြီး ရက်ပိုင်းအတွင်း ဈေးတွေတက်လာကာ ငါးပိ ငါးခြောက်နဲ့ ငံပြာရည် စတဲ့လုပ်ငန်းတွေအပြင် တခြား ငါးနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေပါ ရိုက်ခက်လာပြီး ဒေသခံတွေအတွက် စီးပွားရေးတွေ ကျပ်တည်းလာလိမ့်မယ်လို့ ဒေသခံ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။

အဲဒီမြစ်ထဲမှာ ဒီရက်ပိုင်းအတွင်း တင်းတင်းကျပ်ကျပ် လုံခြုံရေးလုပ်ငန်းတွေ တိုးမြှင့်စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပြီး အဲဒီ မအူပင် တိုးမြစ်ထဲမှာ စားဝတ်နေရေးအတွက် ငါးဖမ်းတဲ့လုပ်ငန်းကို သီးသန့်လုပ်ကိုင်နေတဲ့သူ အယောက် ၅၀၀ ထက်မနည်း ရှိနေပြီး တခြား ရေလမ်းကို အသုံးပြုပြီး နေ့စဉ်လုပ်နေရတဲ့သူ ထောင်နဲ့ချီ ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013