DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ကိုဗစ်-၁၉ မျိုးဗီဇသစ် KP.2 အဖြစ်များလာနိုင်ဟု ပညာရှင်ပြော
DVB
·
June 17, 2024
ထိုင်းတွင် ကိုဗစ်-၁၉ မျိုးဗီဇသစ် KP.2 အဖြစ်များလာနိုင်ဟု ပညာရှင်ပြော
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရဲ့ မျိုးဗီဇသစ်ဖြစ်တဲ့ KP.2 ဟာ ပိုမိုအဖြစ်များလာဖို့ ရှိတယ်ဆိုပြီး ထင်ရှားတဲ့ ရောဂါပိုးဗေဒပညာရှင်တဦးက ပြောကြားသွားပါတယ်။

အဲဒီမျိုးကွဲသစ်ဆီ ပြောင်းလဲလာမှုကြောင့် ပိုမိုကူးစက်လွယ်လာသလို ကာကွယ်ဆေးတွေနဲ့လည်း အမီလိုက်နိုင်ဖို့ ခဲယဉ်းလိမ့်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း KP.2 ရဲ့ လက္ခဏာတွေဟာ အရင်ဗိုင်းရပ်စ်တွေထက်ပိုပြီး ပြင်းထန်တာမျိုး မရှိကြောင်း ဖော်ပြထားပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာ ရောဂါပိုးဗေဒဌာန ပရော်ဖက်ဆာ ယွန် ပူးဗိုရာဝမ် ကတော့ ပြီးခဲ့တဲ့နှစ်အတွင်း JN.1 ကိုဗစ်-မျိုးဗီဇကို ပြည်တွင်းမှာ အဖြစ်များခဲ့တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်ပို့စ်အနေနဲ့ ရေးသားထားပါတယ်။

ဒါ့အပြင် KP.2 ဟာ JN.1 နေရာမှာ အစားထိုးဝင်ရောက်ရင်း ပျံ့နှံ့လာခဲ့တယ်လို့လည်း ပြီးခဲ့တဲ့စနေနေ့ ပို့စ်အတွင်း ဖော်ပြထားပါတယ်။

KP.2 မျိုးကွဲ ကူးစက်ခံရတဲ့အခါ အပြင်းအထန် ဖျားနာတာမျိုး မဖြစ်နိုင်ပေမဲ့ ရောဂါပိုးပျံ့နှံ့မှုနှုန်း ပိုမိုမြန်ဆန်လာပြီး ခန္ဓာကိုယ်ထဲက ရောဂါကာကွယ်ပေးတဲ့ ပဋိပစ္စည်းတွေကိုပါ ရှောင်ရှားနိုင်ကြောင်း သိရပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ကိုဗစ်ဆေးတွေဟာ XBB.1.5 မျိုးဗီဇမှ ထုတ်လုပ်ထားတဲ့အတွက် ထိရောက်မှု နည်းပါးလာသလို အဖြစ်များနေတဲ့ JN.1. ကနေ KP.2 ကို မပြောင်းခင် ကာကွယ်ဆေးအသစ် ထုတ်လုပ်ဖို့အတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ ထောက်ခံထားပါတယ်။

ဒီလပထမအပတ်အတွင်း ထိုင်းနိုင်ငံရဲ့ ကိုဗစ် အတွင်းလူနာ ၂,၇၆၂ ဦး ရှိရာကနေ ဒုတိယပတ် အရောက်မှာ ၂,၈၈၁ ဦးကို ရောက်လာတာကြောင့် ကူးစက်မှု အနည်းငယ် မြင့်တက်လာခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဌာနအရ သိရပါတယ်။

လွန်ခဲ့တဲ့အပတ်မှာလည်း အဆုတ်ရောင်လက္ခဏာနဲ့ ကိုဗစ်ကူးစက်ခံထားရသူ ၇၄၈ ဦးအထိ ရှိပြီး အဲဒီထဲက ၃၃၉ ဦးဟာ အသက်ရှူစက်နဲ့ အဆင်ပြေခဲ့ပေမဲ့ ၇ ဦးကတော့ သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကိုဗစ်-၁၉ ဟာ တနှစ်ပတ်လုံး ကူးစက်နိုင်ပြီး အထူးသဖြင့် မိုးရာသီမှာ ပုံမှန်ထက် အဖြစ်များလေ့ရှိကြောင်း သတိပေးထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013