DVB Logo
Home
မြန်မာသတင်း
မတူပီ သိမ်းပြီးပါက စစ်ကိုင်းနှင့် မကွေးဘက် ဆင်းကူမည်ဟု တော်လှန်ရေးအင်အားစုများပြော
DVB
·
June 17, 2024
မတူပီ သိမ်းပြီးပါက စစ်ကိုင်းနှင့် မကွေးဘက် ဆင်းကူမည်ဟု တော်လှန်ရေးအင်အားစုများပြော
Donate to DVB

မတူပီမြို့ကို သိမ်းပြီးတာနဲ့ စစ်ကိုင်းနဲ့ မကွေးဘက်အထိ ဆင်းကူဖို့ ပြင်ဆင်ထားတယ်လို့ ချင်းပြည်တောင်ပိုင်းတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ဇွန် ၉ ရက်ကစပြီး ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဒေသတွင်း CDF ပူးပေါင်းအဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) အပါအဝင် မဟာမိတ်အဖွဲ့တွေက မတူပီမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပတ်ကျော်ကြာချိန်မှာ မြို့ပေါ်က ဌာနဆိုင်ရာရုံးအားလုံးကို သိမ်းယူထားပြီးဖြစ်တယ်လို့ မင်းတပ် ပအဖ တာဝန်ရှိသူကပြောပါတယ်။ 

မြို့တောင်ဘက်နဲ့ မြောက်ဘက်တွေမှာ အထိုင်ချထားတဲ့ တပ်ရင်း ၃၀၄၊ ၁၄၀ နဲ့ ဗျူဟာရဲ စုစုပေါင်းအင်အား ၅၀၀ ကျော်နဲ့ ဆက်လက်တိုက်ခိုက်ပြီး မြို့ကိုသိမ်းယူနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေက ကြိုးစားနေတာပါ။ 

မတူပီမြို့ကို သိမ်းယူဖို့ စနစ်တကျ အချိန်ယူလေ့လာချဉ်းကပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက နေ့တိုင်း လေကြောင်းပစ်ကူတွေ ပေးနေတာ၊ နည်းပညာမြင့် ဒရုန်းတွေနဲ့ ကင်းထောက်နေတာတွေကြောင့် အချိန်ကြာနေတာလို့ ဆိုပါတယ်။

မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုရောမန်က "မတူပီ လွတ်မြောက်သွားပြီဆိုတာနဲ့ ချင်းပြည်တောင်ပိုင်းတခုလုံး လွတ်မြောက်သွားဖို့ အများကြီး သေချာသွားပြီ။ ပလက်ဝ၊ စမီးက စကစ ကင်းစင်နယ်မြေ ဖြစ်နေပြီ။ မတူပီ ဖယ်လိုက်ပြီဆိုရင် အိန္ဒိယနဲ့ချိတ်ဆက်တဲ့လမ်း၊ ရခိုင်နဲ့ ချိတ်ဆက်တဲ့လမ်း အကုန်လုံးက စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီ။ ကျနော်တို့က မကွေးတိုင်း တဖက်ကိုပဲ စစ်မျက်နှာကြည့်ရတော့မှာ။ ကျနော်တို့ နောက်ကျောဘက်က ဘယ်လိုမှ စစ်ကူသော်လည်းကောင်း၊ စစ်မျက်နှာ လုံးဝမရှိတော့ဘူး။ ဒီတောင်ပိုင်းတဖွဲ့လုံးသည် စကစကို ချင်းပြည်နယ်အပြင်ကို ထုတ်မယ်။ မကွေး၊ စစ်ကိုင်းအထိ တွန်းထုတ်သွားမယ်။ မကွေး၊ စစ်ကိုင်းအထိကိုပဲ ကူညီမယ်ဆိုတဲ့ စစ်မျက်နှာတခုတည်း ဖြစ်သွားတော့မှာကိုး။ စကစကလည်း အဲဒါကို သိလို့လည်းပဲ မတူပီမှာ သေချာဗျူဟာချထားတာကိုး။ ကြာတယ်ဆိုတာ အခုမှ တပတ်ကျော်ကျော် ၂ ပတ်နီးပါးပဲရှိသေးတယ်။ တကယ်စခန်းကြီးတွေ တိုက်တယ်ဆိုတာက မလွယ်ဘူးလေ။ တကယ့်တပ်ရင်းစခန်းတွေကို တိုက်တာကိုး။ ၁၄၀ လည်း တပ်ရင်းဖြစ်တယ်၊ ၃၀၄ လည်းဖြစ်တယ်၊ ဗျူဟာရဲ၊ အထိုင်ရဲလည်း ရှိသေးတယ်။ စမီးဘက်က ထယ်ဘွေးစခန်းကနေ ပြန်ဆုတ်သွားတဲ့ စစ်ကောင်စီ ရာနဲ့ချီလည်း မတူပီထဲ ပြန်ဝင်ထားတာကိုး။ စစ်အင်အား အယောက် ၅၀၀ ကနေ ၇၀၀-၈၀၀ ကြားရှိတဲ့ စစ်တပ်အင်အားတခုကို ပြိုအောင် မြို့ကို သိမ်းအောင်တိုက်နေတာဆိုတော့ သူ့အချိန်အတိုင်းအတာနဲ့သူ ရှိမယ်ထင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ရေဦး၊ ကသာ၊ ကလေး၊ ယင်းမာပင် စတဲ့ခရိုင်မြို့ကြီးတွေမှာ စစ်ကောင်စီက စစ်ရေးခံစစ်အတွက် တပ်သားအင်အားတိုးချတာ၊ လုံခြုံရေးပိုပြီး တင်းကျပ်လာတာ၊ စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေကို အတင်းအကျပ် ခေါ်ဆောင်တာတွေပိုပြီး ပြုလုပ်နေတာပါ။ 

စစ်ရေးဗျူဟာအရ တော်လှန်ရေးအင်အားစုတွေက မန္တလေးနေပြည်တော်ကို ပစ်မှတ်ထား တိုက်ခိုက်တာနဲ့ ဒေသတွင်းအနီးဆုံး စစ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်တာ စတဲ့ဖြစ်နိုင်ခြေ ၂ ခုရှိနေပြီး စစ်ကောင်စီက ခန့်မှန်းရခက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က ပြင်ဆင်မှုတွေရှိနေသလို တော်လှန်ရေးတပ်တွေဘက်ကလည်း ထိုးစစ်ဆင်နိုင်ဖို့ မရပ်မနား ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌက ဦးမြင့်ထွေးက ပြောပါတယ်။

“စစ်ဆိုတဲ့သဘောကတော့ Risk တွေ အရမ်းများပါတယ်။ သူ့ဘက် ကိုယ့်ဘက် ပြင်ဆင်ကောင်း ပြင်ဆင်နိုင်တာမျိုးတွေ ရှိမယ်။ ထို့အတူပဲ နေ့စဉ်နဲ့အမျှ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာ ချေမှုန်းတာ အသေးစားစစ်ဆင်ရေးလေးတွေ ချေမှုန်းတာ၊ ပြောက်ကျား ဆောင်ရွက်တာတွေကို ကျနော်တို့ဘက်က လုပ်နိုင်ပြီဆိုကတည်းက စစ်ကောင်စီရဲ့ခံစစ်တွေ ပိုမိုဖြစ်စေတာပေါ့။ ထို့အတူပဲ ကျနော်တို့ရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်စစ်ဆင်ဖို့အတွက် တဖက်မှာလည်း မရပ်မနား ဆောင်ရွက်နေတယ်။ ဒီလိုမျိုးပဲ ကျနော်တို့ သုံးသပ်ချင်ပါတယ်။ သို့သော် ကျနော်တို့ မသိနိုင် မမြင်နိုင်တဲ့ စစ်ရေးဆိုတာလည်း ခြေသံလုံရင်လုံသလို ရှိနေတာဖြစ်တဲ့အတွက် ကျနော် ဒီလောက်ပဲ သုံးသပ်ချင်ပါတယ်။ စစ်ကောင်စီရဲ့ ကာကင်း၊ ရှေ့ကင်းအထိတောင်တိုးပြီး နေ့စဉ်နဲ့အမျှ ဆောင်ရွက်နိုင်ပြီဆိုကတည်းက ရှုံးလားနိုင်လား ဒါ အားလုံး အဖြေပေါ်ပါတယ်။ နိုင်နေပြီလို့တော့ ကျနော်တို့ မပြောနိုင်ပေမဲ့ နိုင်တဲ့လမ်းကြောင်းပေါ်မှာတော့ ရာခိုင်နှုန်းအရ တော်တော်များများ ရောက်သွားပြီလို့ ဒီလို သုံးသပ်လို့ရပါတယ်ဗျ။”

မတူပီမြို့နယ်ထဲက လိုင်လင်းပီနဲ့ ရေဇွာမြို့တွေကို ချင်းတော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခု နှစ်ကုန်ပိုင်းမှာ သိမ်းယူထားပြီး ချင်းပြည်နယ်မှာ မြို့ပေါင်း ၁၀ မြို့အထိ သိမ်းယူထားပြီး ဖြစ်ပါတယ်။ 

ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးအင်အားစုတွေက မြေပြင်စစ်ရေး အသာစီးယူလာနိုင်သလို၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဘက်မှာလည်း PDF တွေက စစ်ကောင်စီကို ဖိအားဆက်တိုက်ပေးနေခဲ့တာပါ။ 

အနောက်မြောက်တိုင်းစစ်ဒေသ ချင်း၊ စစ်ကိုင်း၊ မကွေးဟာ စစ်ကောင်စီရဲ့ အဆိုးဆုံး ဖိအားပေး တိုက်ခိုက်မှုတွေ ကြုံခဲ့ရတဲ့ဒေသဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး ၃ နှစ်ကျော်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်က မြင်သာတဲ့ တုံ့ပြန်မှုတွေ ပြန်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013