DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးကာလ ၃ နှစ်အတွင်း ကလေးသူငယ် ၈၀၀ ကျော် သေဆုံး
DVB
·
June 17, 2024
တော်လှန်ရေးကာလ ၃ နှစ်အတွင်း ကလေးသူငယ် ၈၀၀ ကျော် သေဆုံး
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်ကျော်ကာလအတွင်း ကလေးသူငယ် ၈၀၂ ဦး သေဆုံးခဲ့ရတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

NUG အစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေ ၃၁ ရက်အထိ ရရှိထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ထုတ်ပြန်ထားတာဖြစ်ကာ သေဆုံးသူတွေ အားလုံးရဲ့ ၁၁ ဒသမ ၃ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

နှစ်အလိုက် ကလေးသူငယ် သေဆုံးသူအရေအတွက်မှာတော့ ၂၀၂၁ ခုနှစ်မှာ ၉၅ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၇၇ ဦးနဲ့ ၂၀၂၃ ခုနှစ်မှာတော့ ၃၅၅ ဦးနဲ့ အများဆုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခု ၂၀၂၄ ခုနှစ်ထဲမှာတော့ ဇန်နဝါရီလထဲမှာ အယောက် ၄၀ ကျော်နဲ့ သေဆုံးမှု အများ ဆုံးဖြစ်ခဲ့ပြီး သေဆုံးတဲ့ ကလေးသူငယ် စုစုပေါင်းအရေအတွက်ရဲ့ ရာခိုင်နှုန်း ၆၀ နီးပါးကတော့ ယောကျ်ားလေးတွေ ဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ကလေးသူငယ် သေဆုံးမှုမှာတော့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက အယောက် ၂၅၀ ကျော်နဲ့ အများဆုံး ဖြစ်နေပြီးတော့ အဲဒီနောက်မှာတော့ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေက အသီးသီး အစဉ်လိုက် အများဆုံး ရှိနေတာပါ။

ကုလသမဂ္ဂရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာတစောင်မှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုတွေ ပိုမိုပြီးတော့ ပြင်းထန်ဆိုးရွားလာသလို ကြီးထွားလာနေတဲ့ ပြည်တွင်းစစ်ကြောင့် ကလေးသူငယ်တွေအပေါ် ပြင်းထန်စွာ ချိုးဖောက်မှု ၁၂၃ ရာခိုင်နှုန်း တိုးလာတာကို တွေ့ရ တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ ကလေးသူငယ် ၁,၅၂၆ ဦးအပေါ် ဆိုးရွားတဲ့ ချိုးဖောက်မှုပေါင်း ၁,၇၂၁ ကြိမ်ကို စစ်ဆေး အတည်ပြုနိုင်ခဲ့ကြောင်းနဲ့ အထူးသဖြင့် ကလေးသူငယ် စုဆောင်းတာ၊ သတ်ဖြတ်တာ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အလွန်ထိတ်လန့်မိတယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် NUG အစိုးရ ထုတ်ပြန်ချက်ထဲမှာ တော်လှန်ရေး ၃ နှစ်ကျော် ကာလတွေအတွင်း လူငယ် သေဆုံးမှုအရေအတွက် ၁,၉၈၃ ဦးနဲ့ အမျိုးသမီးသေဆုံးသူ အရေအတွက် ၁,၃၇၇ ဦးစီ အသီးသီး ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013