DVB Logo
Home
မြန်မာသတင်း
ဆဒုံးစစ်ဗျူဟာကုန်းနှင့်မုံရွာစစ်တပ်စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်၊ ရေဦးတွင် စစ်သား များ ဗုံးကြဲခံရ
DVB
·
June 12, 2024
ဆဒုံးစစ်ဗျူဟာကုန်းနှင့်မုံရွာစစ်တပ်စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်၊ ရေဦးတွင် စစ်သား များ ဗုံးကြဲခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦးမြို့ပေါ် စပါးဒိုင်ကွင်းအဟောင်းမှာ စစ်ကောင်စီတပ်သားတွေ စခန်းချ တပ်စွဲနေတဲ့နေရာကို ဇွန် ၁၁ ရက် နေ့လယ် ၁၁ နာရီခွဲဝန်းကျင်မှာ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ (YEU PDF) က ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၄ (YEU PDF) တာဝန်ခံတဦးက “‌ေ–းတွေက စပါးဒိုင်အဟောင်းမှာ တပ်စွဲနေတာ ကြာပြီ။ PDF တွေကို ပမာမခန့်တဲ့ပုံစံနဲ့ ဘန်ကာတွေဆောက်ပြီး ‌ေ–းအင်အားတွေ ထပ်တိုးထားတာ ၅၀ နီးပါးလောက်ရှိတယ်။ အဲဒါကြောင့် Fixed Wing ဒရုန်းတွေနဲ့ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ အသေအပျောက်နဲ့ အကျိုးအကန်းကတော့ ရှိကိုရှိမှာ သေချာပါတယ်။ စုံစမ်းနေတုန်းမို့ အတိအကျတော့ မသိရသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ (YEU PDF) ဘက်က ဒရုန်းတစီးနဲ့ ဗုံး ၂ လုံး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ရေဦး PDF ရဲဘော်တဦးက “ဗုံး ၁၀ လုံးချမလို့ပဲဗျ။ ဒါပေမဲ့ ဗုံး ၂ လုံးတင်ထားတဲ့ ဒရုန်းတစီးက Error ဖြစ်ပြီး လမ်းမှာပျက်ကျသွားခဲ့တယ်။ ‌ေ–းတွေရဲ့ Jammer ကြောင့် ပျက်ကျတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဗုံး ၈ လုံးပဲ ချနိုင်ခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း (YEU PDF) ရဲဘော်တွေအနေနဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့​တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးမှာရှိတဲ့ ထီးတော်တင်ရွာ စစ်ကောင်စီ အထိုင်စခန်းကိုလည်း ဇွန် ၁၁ ရက် ညနေ ၅ နာရီခွဲကျော်က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုများထံကနေ သိရပါတယ်။

အဆိုပါစခန်းဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အထိုင်စခန်းတွေကို ကာကင်းလုပ်နိုင်ဖို့ ပြုလုပ်ထားတဲ့စခန်း ဖြစ်တယ်လို့လည်း ဘုတလင်တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“အဲဒီစခန်းကို တိုက်နိုင်ဖို့ရာ ပြင်ဆင်မှုတွေတော့ လုပ်ရတာပေါ့ဗျ။ ဒီစခန်းတိုက်နိုင်ဖို့ ဘယ်အရပ်သားတွေရဲ့ အကူအညီမှ မယူခဲ့ဘူး။ ရဲဘော်တွေကိုယ်တိုင် အရပ်သားအသွင်ယူပြီး အနီးကပ် စုံစမ်းမှုပြုလုပ်ပြီး အခုလိုတိုက်ခိုက်ခဲ့တာ။ စကစ စခန်းကို အပြီးသတ် သိမ်းနိုင်ခဲ့တယ်ဗျ။ စကစဘက်က သေနတ် ၈ လက်၊ ၆၀ မမ လက်နက်ကြီး ၁ ခု၊ ၆၀ အဖူး ၅ ဖူး၊ ကျည်‌‌ဘောက်တွေ၊ ဖုန်းတွေ သိမ်းဆည်းရမိတယ်။ စစ်သုံ့ပန်း ၅ ဦး အရှင်ဖမ်းမိထားတယ်။ ၄ ဦး ထွက်ပြေးတယ်။ ကျန်တာကတော့ အသေရှင်းလင်းနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ထီးတော်တင်ရွာက စစ်ကောင်စီစခန်းမှာ စစ်သား ၁၈ ဦးသာရှိတဲ့ ကာကင်းစခန်းငယ်တခု ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံရွာသားတဦးက “စစ်ဖြစ်တော့ ကျနော်တို့ရွာသားတွေ ထွက်ပြေးနိုင်သူက ထွက်ပြေးကြတယ်။ ပိတ်မိသူတွေလည်း ရှိတယ်ဗျ။ သူတို့ ၂ ဖက် တိုက်ပွဲဖြစ်ပြီး ညပိုင်း ၉ နာရီကျတော့ နမခတပ်ကနေ လာပြီး ကျနော်တို့ရွာကို မီးရှို့တယ်ဗျ။ ပိတ်မိတဲ့ရွာသားတွေလည်း ရိုက်နှက်တာတွေ လုပ်တယ်။ ရွာထဲကိုလည်း ပြန်မဝင်ရဲသေးတော့ မီးလောင်တဲ့ အိမ်အရေအတွက်လည်း မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်တပ်မီးရှို့တဲ့ ထီးတော်တင်ရွာဟာ အိမ်ခြေ ၁၀၀ နီးပါးခန့်ရှိတဲ့ ကျေးရွာတရွာဖြစ်သလို တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာသားတွေ ကျေးရွာအတွင်း ပြန်မဝင်ရဲကြဘဲ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။

ကချင်ပြည်နယ် ဆဒုံးမြို့မှာ စစ်တပ်ဗျူဟာကုန်းတခုကိုလည်း ဇွန် ၁၁ ရက် ညနေမှာ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝိုင်းမော် ကန်ပိုင်တီလမ်းပေါ်က ဒေသအခေါ် ဆဒုံးဝမ်ဗျူဟာကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ မြစ်ကြီးနား ဆဒုံး မော်တော်ယာဉ်မောင်းတဦးက ပြောပါတယ်။

“မနက်အစောပိုင်းကတည်းက စ တိုက်နေတာ။ ညနေပိုင်း ၅ နာရီလောက်မှာ ဗျူဟာကုန်းကို သိမ်းနိုင်ခဲ့တယ်လို့ သိရတယ်။ တိုက်ပွဲဖြစ်နေလို့ ပန်ဝါ-ချီဖွေ လမ်းကြောနဲ့ ဆဒုံး-ကန်ပိုင်တီ လမ်းကြောက ကားတွေ သွားခွင့်မပြုဘူး။” 

ဒါ့အပြင် ဝါရှောင်ကျေးရွာအကျော်ရှိ ဘွမ်တောင်စစ်ကောင်စီတပ်ခွဲ၊  ၁၃ ကီလို စစ်ကောင်စီ ပူးပေါင်းဂိတ်၊ လဖိုင်နယ်ခြားစောင့်ဂိတ်နဲ့ တခြားကာကင်းစခန်းတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ် လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)က  လက်နက်ကြီး ပစ်ကူအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့  နှစ်ဖက်အဖွဲ့တွေက မထုတ်ပြန်သေးပါဘူး။

မေလကုန်ပိုင်းမှ စတင်ပြီး စစ်ရေးအခြေအနေကြောင့်  ဆဒုံးမြို့နယ်ခွဲက ဒေသခံတွေကို စစ်ရှောင် ခိုင်းထားတဲ့အတွက် အတော်များများဟာ မြစ်ကြီးနားနဲ့ ဘေးလွတ်ရာမြို့တွေကို နေရပ်စွန့်ခွာ သွားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013