DVB Logo
Home
မြန်မာသတင်း
မတူပီမြို့က ပြည်သူထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်
DVB
·
June 8, 2024
မတူပီမြို့က ပြည်သူထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်
Donate to DVB

ဒေသခံတွေတိမ်းရှောင်ကြဖို့ စစ်တပ်ကရော တော်လှန်ရေးတပ်ကပါ အသိပေးထားပြီးနောက် ချင်းပြည်နယ်၊ မတူပီမြို့ပေါ်က ထောင်ချီတဲ့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုတဲ့ နေရပ်စွန့်ခွာထွက်ပြေးလာသူတယောက်က “မြို့ပေါ်က မြို့ခံတွေမရှိကြတော့ဘူး။ တမြို့လုံးလောက်နီးနီး စစ်ဘေးရှောင်ကုန်ကြပြီ။  ၅,၀၀၀ ဝန်းကျင်လောက်တော့ ရှိလိမ့်မယ် ထင်တယ်။ CDF ဘက်က မတူပီမြို့သိမ်း တိုက်ပွဲဆင်နွှဲမယ့် သတင်းတွေထွက်နေတာကြပြီ။ အရင်လကုန်ပိုင်းလောက်ကလည်း မြို့ပေါ်က စစ်တပ်ခရိုင်ရုံးကို CDF တွေ သိမ်းပိုက်ထားနိုင်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မေ ၂၀ ရက်နေ့ကနေ ဇွန် ၅ အထိ မတူပီမြို့ပေါ်က ပြည်သူတွေရှောင်ရှားကြဖို့ ဒေသကာကွယ်ရေး တပ်ဖြစ်တဲ့ CDF-Matupi တပ်မဟာ ၁ နဲ့ တပ်မဟာ ၂ တို့က အသိပေးထားပြီး စစ်ကောင်စီတပ်ဘက်ကလည်း ပြည်သူတွေအနေနဲ့ နေရပ်စွန့်ခွာကြဖို့ ကြေညာထားတယ်လို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူတွေဆီကနေ သိရပါတယ်။

ဇွန် ၅ ရက်နေ့ကမှာ ထွက်ပြေးလာတဲ့ ဈေးဆိုင်ပိုင်ရှင်တယောက်က “မြို့ပေါ်မှာ လူမရှိတော့တဲ့ အိမ်တွေ၊ ဆိုင်တွေကို စစ်သားတွေက ဖောက်ထွင်းဖျက်ဆီးပြီး အထဲက ပစ္စည်းတွေကို လိုချင်သလို ခိုးနေသယ်ကြတယ်။ မြို့ပေါ်ကျန်ရှိနေတဲ့လူတွေကို စစ်တပ်က ဆေးရုံမှာခေါ်စစ်ပြီး ဗျူဟာကုန်းဘက်ကို ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။

မတူပီမြို့ပေါ်ကနေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေတဲ့ပြည်သူတွေဟာ နီးစပ်ရာမြို့တွေနဲ့ ကျေးရွာတွေဆီကို ထွက်ပြေးကြပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကိုလည်း ထွက်ပြေး တိမ်းရှောင်သွားကြသူတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် အမျိုးသားတယောက်က “ကျနော်တို့ မတူပီမြို့က စစ်တပ်ရဲ့ ခလရ ၃၀၄ နဲ့ ခလရ ၁၄၀ ဗျူဟာကုန်း ၂ ခုကြားမှာရှိနေတော့ စစ်တပ်က မဆင်မခြင်ပစ်ခတ်ရင်တော့ မြို့ပျက်စီးသွားမှာစိုးရိမ်ရတယ်” လို့ ပြောပါတယ်။

မတူပီမြို့ရဲ့ အခြေအနေကိုသိရှိနိုင်ဖို့ မတူပီမြို့မှာရှိနေတဲ့ CDF တပ်ဖွဲ့ဆီကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် စစ်တပ်က မတူပီမြို့ကို ဖုန်းလိုင်းတွေဖြတ်တောက်ထားတဲ့အတွက်ကြောင့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ချင်းပြည်နယ်က နှာရိန်း၊ မကွီးအိမ်နူး၊ ဝေဘူလ၊ ရိခေါ်ဒါရ်၊ ရေဇွာ၊ လိုင်လင်းပီ၊ ဆူရ်ခွာ၊ ကျင်ဒွေး၊ ကျီခါး၊ တွန်းဇံမြို့တို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး တီးတိန်မြို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013