Home
မြန်မာသတင်း
စစ်အာဏာသိမ်းကာလ တတိယမြောက် မယ်စကြဝဠာသရဖူ ဆွီဒင်-မြန်မာကပြား အလှမယ်ရရှိ
DVB
·
June 8, 2024
Photo-Miss Universe Myanmar Facebook

စစ်တပ်အာဏာသိမ်းပြီးနောက် တတိယအကြိမ်ကျင်းပတဲ့ မယ်စကြဝဠာမြန်မာ အလှမယ် ပြိုင်ပွဲမှာ ဆွီဒင်-မြန်မာကပြား အလှမယ် သက်စံအန်ဒါဆန်က နိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ်သရဖူကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကိုတော့ ဇွန် ၇ ရက်ညပိုင်းမှာ ရန်ကုန်မြို့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ကာ 1st Runner Up ဆုကို မိတ္ထီလာကိုယ်စားပြု အလှမယ် ချယ်ရီမိုး၊ 2nd Runner Up ဆုကို ရန်ကုန်တောင်ပိုင်းခရိုင် ကိုယ်စားပြု အလှမယ် ဟန်လေးတို့က ရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲတွေကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က စတင် ကျင်းပခဲ့ပြီး နောက်ဆုံး ၂၀၂၀ ပြည့်နှစ်အထိသာ ကျင်းပနိုင်ခဲ့ကာ စစ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါဘူး။

၆၉ ကြိမ်မြောက်အဖြစ် အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ မယ်စကြဝဠာပြိုင်ပွဲတုန်းကတော့ ၂၀၂၀ ပြည့်နှစ် မြန်မာအလှမယ် သူဇာဝင့်လွင်က သွားရောက်ယှဉ်ပြိုင်ထားခဲ့ပြီး ချင်းတိုင်းရင်းသူ ဝတ်စုံနဲ့ နိုင်ငံကိုယ်စားပြု National Costume အမျိုးသားဝတ်စုံဆု ရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအလှမယ်ဟာ အဆိုပါ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူ ပြီး စစ်အာဏာသိမ်းကာလ ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။

စစ်အာဏာသိမ်းကာလမှာ ကျင်းပတဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေမှာတော့ မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ်တွေအဖြစ် အလှမယ် ဇာလီမိုးနဲ့ အမရာဘိုတို့က အလှမယ်သရဖူကို ဆွတ်ခူး ရရှိခဲ့ကြပြီး နိုင်ငံတကာမှာ သွားရောက်ယှဉ် ပြိုင်ခဲ့ပေမယ့်  Unplaced အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ မယ်စကြဝဠာ အလှ မယ်ပြိုင်ပွဲမှာ အလှမယ်သရဖူကို မိုးစက်ဝိုင်က ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်၊ ၂၀၁၉ ခုနှစ်မှာ ဆွေဇင်ထက်၊ ၂၀၂၀ ပြည့်နှစ်မှာ သူဇာဝင့်လွင်၊ ၂၀၂၂ ခုနှစ်မှာ ဇာလီမိုး၊ ၂၀၂၃ ခုနှစ်မှာ အမရာဘိုတို့က ရရှိခဲ့ကြတာမို့ သက်စံအန်ဒါဆန်ကတော့ ၁၁ ယောက်မြောက် မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာအလှမယ် ဖြစ်လာခဲ့တာပါ။ 

၂၀၁၆ ခုနှစ်က မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ မြန်မာ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင်တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူး ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024