DVB Logo
Home
မြန်မာသတင်း
ထိုင်းဆိုင်ပိုင်ရှင်ကို မြန်မာအလုပ်သမားက ဓားဖြင့်ထိုး၊ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ 
DVB
·
June 7, 2024
ထိုင်းဆိုင်ပိုင်ရှင်ကို မြန်မာအလုပ်သမားက ဓားဖြင့်ထိုး၊ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ 
Donate to DVB

ထိုင်းတောင်ပိုင်း တရန်းခရိုင် ယန့်တာခေါင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအလုပ်သမား ၁ ဦး ကုန်စုံဆိုင်ထဲဝင်ရောက်ပြီး ဆိုင်ရှင်ကို ဓားနဲ့ထိုးခဲ့တဲ့အတွက် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ သွားတယ်လို့  3 Plus News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဇွန် ၃ ရက် မနက် ၁၀ နာရီလောက်က ယန့်တာခေါင်မြို့  ဆိုက်ကလွေ့ ရပ်ကွက်ထဲမှာ ဓား ထိုးမှုဖြစ်ပြီး သေဆုံးဒဏ်ရာရသူရှိကြောင်း  အကြောင်းကြားချက်ရတဲ့အတွက် လူနာတင်ကားနဲ့ အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ယန့်တာခေါင်နယ်မြေရဲစခန်း တာဝန်ကျရဲအရာရှိက သ တင်းထောက်ကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ အိမ်နဲ့ကုန်စုံဆိုင်တွဲဖွင့်ထားတဲ့ တထပ်တိုက်ဖြစ်ပြီး ဆိုင်ထဲမှာ ကုန်ပစ္စည်း တွေ ပြန့်ကျဲကာ ရင်ဘတ်မှာ ဓားထိုးဒဏ်ရာ ၃ ချက်နဲ့ သေဆုံးနေတဲ့ နန်းဘွန်းဆီ ထောင်းပင် ( ၅၃ နှစ် ) နဲ့  ဓားရှပ်ထိဒဏ်ရာရထားတဲ့ သူမခင်ပွန်းဖြစ်သူ နိုင်းဝိမွန်း ထောင်းပင်ကို တွေ့ရပြီး  ဆေးရုံအမြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ အခင်းမဖြစ်ခင်ရှေ့က အောင်ဇေမင်း (၂၂ နှစ်) ဆိုသူမြန်မာလုပ်သား ၁ ဦးဟာ ဆိုင်ထဲကိုဝင်လာပြီး ဆန်တောင်းဝယ်တယ်၊ ဆိုင်ရှင်အမျိုးသမီးက ဆန်ကို ချိန်ပေးနေစဉ် ဈေးဝယ်(မြန်မာ)က ပိုက်ဆံတောင်းတယ်၊ ဆိုင်ရှင်က မပေးနိုင်ဘူးလို့ပြောပြီး သူ့ကို မောင်းထုတ်တယ်၊ ဈေးဝယ် စိတ်ဆိုးပြီး ပါလာတဲ့ဓားနဲ့ ဆိုင်ရှင်ကို ထိုးတယ်၊ အမျိုးသမီးရဲ့  အော်ဟစ်ရုန်းရင်းဆန်ခတ်သံကြားတော့ အိပ်ခန်းထဲက ခင်ပွန်းဖြစ်သူထွက်လာပြီး အဲဒီဈေးဝယ်နဲ့ ထိုးကြိတ်ကြတယ်၊  အောင်ဇေမင်းဟာ ဒဏ်ရာတွေနဲ့ အိမ်အနောက်ဘက်မှာရှိတဲ့ တောထဲကို ထွက်ပြေးသွားတယ်၊ သူစီးလာတဲ့ ဆိုင်ကယ်ကိုတော့ ဆိုင်ရှေ့မှာရပ်ထားခဲ့တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေဟာ အနီးနားရှိ စီစီကင်မရာတွေပြန်လည်စစ်ဆေးပြီး ကျူးလွန်သူကို လိုက်လံရှာဖွေရာမှာ အခင်းဖြစ်တဲ့နေရာနဲ့ ၁ ကီလိုမီတာကျော်ကွာဝေးတဲ့ တောထဲမှာဖမ်းမိတယ်၊ သူဟာ ရလာတဲ့ဒဏ်ရာတွေကို တောထဲက ဆေးဘက်ဝင်အရွက်တွေနဲ့ သိပ်နေစဉ် ဖမ်းမိတာလို့ ဆိုပါတယ်။ 

ဘာကြောင့် ဒီလိုလုပ်ရသလဲလို့ မေးရာမှာ သူက အလုပ်မရှိ၊ ပိုက်ဆံမရှိ၊ ဗိုက်လည်းဆာ၊ စိတ်လည်းတိုလို့ အဲဒီလိုကျူးလွန်မိတာ၊ အရင်က မလုပ်ဖူးဘဲ ပထမဆုံးအကြိမ်ကျူးလွန်တာလို့ ဝန်ခံထားပါတယ်။ 

သူဟာ မြန်မာနိုင်ငံ မြဝတီကနေ တာ့ခ်ခရိုင်ထဲကို တောလမ်းကနေဝင်ရောက်လာတယ်၊ စူရတ်ဌာ နီက အသိဆီမှာခဏနေပြီး အဲဒီမှာအလုပ်မရလို့ တရန်းခရိုင်ကိုရောက်လာတယ်၊ အဲဒီမြို့ကို လွန်ခဲ့တဲ့ ၁ ပတ်လောက်က ရောက်လာပြီး ရာဘာခြံအလုပ်သမားဆီမှာ တည်းခိုနေတာလို့ ဆိုပါတယ်။ 

သူ့ဆီမှာ မြန်မာမှတ်ပုံတင်ကလွဲလို့  နေထိုင်ခွင့် အထောက်အထားမှမရှိတဲ့အတွက် လူသတ်မှု၊ ဓားထိုးမှု၊ လက်နက်မှုအပြင် တရားမဝင် ဝင်ရောက်နေထိုင်မှုတွေနဲ့ပါ အရေးယူခံရမယ်လို့ ရဲအရာရှိက ပြောပါတယ်။ 

တရန်းခရိုင်ထဲမှာ အခုလို တရားမဝင်အလုပ်သမားက လူသတ်မှုကျူးလွန်တာကြောင့် တရားမဝင်အလုပ်သမား စစ်ဆေးနှိမ်နင်းမှုတွေ လုပ်ဆောင်နေရာမှာ အခင်းဖြစ်တဲ့ ယန့်တာခေါင်မြို့နယ်မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ၄ ဦး ဖမ်းဆီးရမိတယ်လို့ တရန်းရဲတပ်ဖွဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ 

ကိုးကား -  3 Plus News  / trangpolice 1 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013