DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ဇွန်လအတွင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ထက်ဝက်ခန့် လျော့ကျ
DVB
·
June 7, 2024
မြန်မာတွင် ဇွန်လအတွင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ထက်ဝက်ခန့် လျော့ကျ
Donate to DVB

မြန်မာနိုင်ငံမှာ လူသုံးများတဲ့လူမှုကွန်ရက်တခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုမှုက ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ရင် အခုဇွန်လ အစပိုင်းမှာ ထက်ဝက်ခန့် လျော့ကျသွားတယ်လို့ အိုင်ယာလန်အခြေစိုက် နည်းပညာခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ဒေတာတွေမျှဝေနေတဲ့ Statcounter ရဲ့ စစ်တမ်းတွေက ဖော်ပြပါတယ်။

ဖေ့စ်ဘွတ်ခ်သုံးစွဲသူက ၂၀၂၄ ဇန်နဝါရီမှာ ၈၄ ဒသမ ၄၅ ရာခိုင်နှုန်းရှိနေရာကနေ အခု ဇွန်လအစမှာတော့ ၄၄ ဒသမ ၇၉ ရာခိုင်နှုန်းသာ ရှိတော့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လူမှုကွန်ရက်အသုံးပြုမှုတွေကို ကန့်သတ်တာနဲ့ VPN တွေကို ပိတ်ဖို့ကြိုးစားတာတွေကြောင့် မြန်မာနိုင်ငံမှာ လူသုံးများတဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုမှုက ထက်ဝက်ခန့်လျော့ကျသွားတာဖြစ်ပါတယ်၊

နည်းပညာနဲ့အလှမ်းဝေးတဲ့ မြန်မာနိုင်ငံက လူများစုက လူမှုကွန်ရက်မှာ ခေတ်အစားဆုံးဖြစ်တဲ့ ဖေ့စ်ဘွတ် ပလက်ဖောင်းကိုသာ အများဆုံးသုံးစွဲခဲ့နေရာကနေ အခုလို စစ်ကောင်စီရဲ့ ကန့်သတ် မှုတွေကြောင့် တခြားသောဆိုရှယ်မီဒီယာပလက်ဖောင်းတွေပြောင်းလဲ အသုံးမပြုတတ်တဲ့အတွက် ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေနည်းသွားတာဖြစ်တယ်လို့ နည်းပညာနဲ့ အကျွမ်းတဝင်ရှိ တဲ့လူငယ်တဦးက ပြောပါတယ်၊

“ကျနော်တို့ကျ ဖေ့စ်ဘွတ်ခ်မရရင် တွစ်တာသွားတယ် နောက် တယ်လီဂရမ်၊ အင်စတာဂရမ် ရှိတယ်၊ လူသုံးများတဲ့ တစ်တော့လည်းရှိတယ်ဆိုပေမဲ့ လူကြီးတွေနဲ့ တချို့ နည်းပညာနဲ့ အလှမ်းဝေးတဲ့ လူလတ်တန်းစားတွေကတော့ ဖေ့စ်ဘွတ်ခ်တခုပဲ သုံးတတ်တာမျိုးဆိုတော့လေ၊ အခုလို စစ်ကောင်စီ လုပ်လိုက်တဲ့အတွက် ကျနော်တို့အိမ်မှာဆို လူကြီးတွေပေါ့ အင်တာနက် မရဘူး၊ အင်တာနက် မတက်လာဘူး ဖေ့စ်ဘွတ်ခ်သုံးလို့မရဘူးဆိုတာမျိုး ပြောတယ်။ သူတို့သိတာကပေါ့ ဖေ့စ်ဘွတ်ခ်ကပဲ သတင်းတွေဖတ်တယ်၊ ဖုန်းပြောတယ် စကားတွေပြောဆက်သွယ်ကြတာဆိုတော့လေ” လို့‌ ပြောပါတယ်

မေ ၃၀ ရက်မှာ စစ်ကောင်စီက VPN တွေကို ကန့်သတ်ထိန်းချုပ်လိုက်သလို မြန်မာနိုင်ငံထဲက ဖုန်းအော်ပရေတာတွေကိုလည်း ညွှန်ကြားချက်တွေပို့ပြီး ဖေ့စ်ဘွတ်ခ် အသုံးပြုမှုကို ထိန်းချုပ်ကန့်သတ် ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီဘက်က မိတ်ဆက်လိုက်တဲ့ ဖေ့စ်ဘွတ်ခ်နဲ့ပုံစံတူ Myspace အက်ပလီကေးရှင်းကလည်း တပြိုင်နက် ပေါ်ထွက်လာပါသေးတယ်။ ဒါပေမဲ့ လူထုက ဆန့်ကျင် ဖြုတ်ချတဲ့အတွက် Myspace အက်ပလီကေးရှင်းကတော့ ပျောက်သွားခဲ့ရပါတယ်။

စစ်ကောင်စီက ဖေ့စ်ဘွတ်ခ်ကို ကန့်သတ်ပြီး Myspace ကို အသုံးပြုဖို့ ရည်ရွယ်ပေမဲ့ လူထုကတော့ စစ်ကောင်စီကို ဆန့်ကျင်နေဆဲဖြစ်ပြီး တခြားလူသုံးများတဲ့ ပလက်ဖောင်းတွေကို ပြောင်းလဲ အသုံးပြုလာကြောင်းကိုလည်း စစ်တမ်းတွေအရ သိရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလတုန်းက ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ၈၄ ဒသမ ၄၅ ရာခိုင်နှုန်း ရှိရာကနေ ၄၄ ဒသမ ၇၉ ရာခိုင်နှုန်းနဲ့ အင်စတာဂရမ်ကတော့ ၀ ဒသမ ၈၃ ကနေ ၀ ဒသမ ၂၉ ရာခိုင်နှုန်းကို ကျဆင်းသွားပြီး  တခြားလူသုံးများတဲ့ ဆိုရှယ်ပလက်ဖောင်းတွေဖြစ်တဲ့ ထွစ်တာကတော့ ၅ ဒသမ ၅၁ ရာခိုင်နှုန်းကနေ ၁၂ ဒသမ ၀၄  ရာခိုင်နှုန်းတက်လာပြီး  ယူကျုဘ်က  ၃ ဒသမ ၃၁ရာခိုင်နှုန်း ကနေ ၁၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး တက်လာတာကို Statcounter ရဲ့ အချက်အလက် ဇယားမှာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013