DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၁ လအတွင်း စစ်တပ်က ဧည့်စာရင်းစစ်ပြီး လူ ၃၀ ကျော် ဖမ်းဆီး
DVB
·
June 7, 2024
ဧရာဝတီတိုင်းတွင် ၁ လအတွင်း စစ်တပ်က ဧည့်စာရင်းစစ်ပြီး လူ ၃၀ ကျော် ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ မေလအတွင်း ဧည့်စာရင်းဝင်စစ်ပြီး အရပ်သား အယောက် ၃၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲမှာ ညဘက်အချိန်တွေ ဧည့်စာရင်းဝင်စစ်ပြီး ဒေသခံ အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်က “ဧည့်စာရင်း ညတိုင်းစစ်နေတာ။ ဖမ်းတာကလည်း ညတိုင်းပါပဲ။ ဒါပေမဲ့ ဒီတလ အဖမ်းခံရတာ မနည်းဘူး။ ညပိုင်းက စစ်ကောင်စီတပ်ဖွဲက ရှောင်တခင် ဧည့်စာရင်းဝင်စစ် ဖမ်းတာ။ တချို့ကို ရဲစခန်းတွေမှာထားတယ်။ တချို့ကို စစ်ကြောရေးမှာ ထားတယ်လို့ပဲ သိရတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဧည့်စာရင်းကိစ္စနဲ့ အဖမ်းခံရတဲ့သူတွေဟာ ရပ်ကွက်အတွင်း အိမ်ငှားရမ်းနေထိုင်သူ အများစုဖြစ်ပြီး တချို့က မိသားစု အိမ်ထောင်ပွားများဖြစ်ကာ တအိမ်တည်းမှာ နေထိုင်သူတွေဖြစ်ပေမဲ့ အိမ်ထောင်စုဇယားအတွင်း စာရင်းမဖြည့်ရသေးသူ၊ သန်းခေါင်စာရင်း မပြောင်းရသေးသူနဲ့ မလုပ်ရသေးသူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့ခံတယောက်က “သန်းခေါင်စာရင်းက လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ မှတ်ပုံတင်ရုံးမှာလုပ်ရင် တသိန်းကျော်ကျော်ကုန်တယ်ဆိုတော့ မတတ်နိုင်ဘူးလေ။ အဲဒီတော့ မလုပ်တော့ဘဲ ဧည့်စာရင်းတိုင်ပြီး ယာယီသန်းခေါင်စာရင်းနဲ့ နေကြတာ။ အခုက အဖမ်းခံရသူတွေထဲမှာ တနယ်တကျေးကလာတဲ့ ဧည့်သည်တွေ မပါဘူး” လို့ ပြောပါတယ်။

အဲဒီ အဖမ်းခံရသူတွေဟာ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ ဘိုကလေး၊ ဟင်္သာတ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ဇလွန်၊ ဓနုဖြူ စတဲ့မြို့နယ်တွေက အများဆုံး အဖမ်းခံခဲ့ရတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဧည့်စာရင်းလာစစ်တဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေရဲ့ နေအိမ်အတွင်း ဘုရားခန်းနဲ့ ဧည့်ခန်းတွေပါမချန် ဖိနပ်စီးကာ ဝင်ကြတဲ့အပြင် နေအိမ်ထဲက မိသားစုဝင်တွေကိုလည်း အကြောင်းမဲ့ ကြိမ်းဝါးဆဲဆိုတာတွေ လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ တော်လှန်ရေးအင်အားစုတွေက မြို့ပြပြောက်ကျားစစ်ဆင်ရေး ဖော်ဆောင်မှုများကို မကြာခဏ လုပ်ဆောင်မှုများရှိနေသလို စစ်ကောင်စီတပ်ကလည်း ဒေသခံတွေကို အမျိုးမျိုးစွပ်စွဲကာ ဖမ်းဆီးမှုတွေလုပ် နေတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013