DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်း၊ ဘုတလင်နှင့် ကျိုက်ထိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ ဒေသခံသောင်းချီ တိမ်းရှောင်နေရ 
DVB
·
June 6, 2024
ဟုမ္မလင်း၊ ဘုတလင်နှင့် ကျိုက်ထိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ ဒေသခံသောင်းချီ တိမ်းရှောင်နေရ 
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ပြီးခဲ့တဲ့ မေလလယ်လောက်ကတည်းက တိုက်ပွဲတွေဖြစ်နေတာအခုထိပဲ။ မြို့ပေါ်ကတော့ ငြိမ်ပါသေးတယ်၊ ရွာတွေဘက်မှာ ဖြစ်တာများတယ်။ စဖြစ်ကတည်းကဆို ရက်ပေါင်း ၂၀ နီးပါးရှိနေပြီ။ စစ်ကောင်စီတပ်ဘက်ကတော့ အထိနာနေတယ်” လို့ အမည်မဖော်လိုတဲ့ ဟုမ္မလင်းမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာအများစုကို ပြည်သူ့ကာကွယ်ရေးတပ်တွေက စိုးမိုးထား​တယ်လို့လည်း သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက “စစ်‌ေ-တွေဘက်ကနေ SNA ရှမ်းနီတပ်တွေက ကူတိုက်ပေးနေတယ်။ ဒါတောင် ‌ေ-တွေအထိနာလာတော့ ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်ပြီး ရွာတွေကို လေယာဥ်နဲ့ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေလုပ်နေတယ်။ ဒီကောင်တွေက ခံစစ်ပြင်နေတဲ့ သဘောမှာရှိတယ်။ တိုက်ပွဲတွေကတော့ နေရာမရွေး အချိန်မရွေးဖြစ်နေတယ်” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားတဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ သောင်းချီ စစ်ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ နှောယင်းရွာအနီးမှာလည်း ဇွန် ၆ ရက် ဒီနေ့မနက် ၇ နာရီခွဲက စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နှောယင်းရွာသားတဦးက “စစ်သားတွေက ဘုတလင်မြို့ထဲကနေ မနက်ခင်း ၃ နာရီလောက်က အင်အား ၄၀ ကျော်နဲ့ ဘုတလင်မြို့ရဲ့ မြောက်ဘက်ကို စထွက်လာတယ်ဗျ။ အဲဒီကနေ ကျနော်တို့ ဒေသအခေါ် ဘုန်းကြီးလမ်းခွဲ ရောက်လာပြီး ကင်းတဲလေးကို မီးရှို့တယ်။ မီးရှို့ပြီး ဘုတလင်မြို့ဘက်ကို စစ်ကြောင်းပြန်ခေါက်လာတဲ့အချိန် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားတော့တာပဲ။ နှစ်ဖက် အသေအဆုံးကတော့ မသိဘူးဗျ။ ကျနော်တို့ အရပ်သားတွေကတော့ နေရပ်စွန့်ခွာနေကြရတယ်” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးလာတိုင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ တောင်သူလုပ်ငန်း လုပ်ကိုင်မရဘဲ ထွက်ပြေးနေရပြီး နေထိုင်စားသောက်ရေး အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “တိုက်ပွဲက နှောယင်းရွာအနောက်ဘက်မှာ ဖြစ်တာဗျ။ အနီးကပ်တိုက်ပွဲလို့တောင် ပြောလို့ရတယ်။ တိုက်ပွဲအတွင်းကတော့ စစ်ကောင်စီဘက်က အကျအဆုံးများစွာနဲ့ ဘုတလင်မြို့ထဲ စစ်ကြောင်းပြန်ဆုတ်သွားတယ်။ မြို့ထဲရောက်တော့ကို သေနတ်ပစ်ဖောက်တာတွေ လုပ်ကြသေးတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၁ ဦး ကျဆုံးပြီး ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သေးတယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲဟာ ဘုတလင်မြို့နယ် ဒေသတွင်း PDF ညီနောင်တွေနဲ့ ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၂၃၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်နဲ့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ တပ်ရင်းနဲ့ ၃၁၀ အမြောက်တပ်ရင်းတို့ကို ဇွန် ၂ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်သားတွေ ထိခိုက်သေဆုံးတဲ့အတွက် အနီးနားကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရင်းတွေက ပစ်တဲ့ လက်နက်ကြီးတွေဟာ ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲတာကြောင့် မုက္ခမော့၊ စစ်ကွင်း၊ သုံးခွ၊ အခိုင်နဲ့ ထင်းတဲရွာတို့ရှိ အိမ်ခြေ ၄၀၀ ကျော်မှ လူဦးရေ ၂၃၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ကေအန်ယူသထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က “စစ်ကောင်စီတပ်ရင်းနှစ်ခုကို တော်လှန်ရေးအဖွဲ့တွေက ပြောက်ကျားပစ်တော့ အထိနာပြီး လက်နက်ကြီးတွေနဲ့ရွာတွေကိုပစ်တာ။ မုက္ခမော့၊ စစ်ကွင်း၊ သုံးခွရွာတွေက လူ ၂၀၀၀ လောက်က ရွာလုံးကျွတ်စစ်ရှောင်ရတာ။ အခိုင်နဲ့ထင်းတဲရွာတွေကတော့ လူ ၃၀၀ လောက် စစ်ရှောင်ရတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီ အမြောက်တပ်ရင်းနှစ်ခုက ဇွန် ၃ ရက်မှာ လက်နက်ကြီးအလုံး ၃၀ ခန့် ကျေးရွာတွေဘက်ကို ပစ်ခတ်တာကြောင့် ကိုယ်ဝန်သည်တဦး၊ ကက်သလစ်သီလရှင်တပါးနဲ့ အမျိုးသားတဦးတို့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွေဟာ ဇွန် ၆ ရက်နေ့အထိ မရပ်သေးတာကြောင့် စစ်ရှောင်တွေအနေနဲ့ နီးစပ်ရာတောတောင်တွေနဲ့ ဥယျာဉ်ခြံတွေမှာ နေထိုင်နေရပါတယ်။

စစ်ရှောင်တဦးက “အကုန်လုံးက ကိုယ်ပိုင်တဲ့ ဥယျာဉ်ခြံတွေ ဂူတွေ၊ တောတောင်တွေမှာ ဒီလိုပဲဖြစ်သလို နေရတာပေါ့။ စားတာကတော့ ရှိတဲ့ မျှစ်တို့ အသီးအရွက်တို့ပဲ ခူးစားရတာပါပဲ။ ခုထိတော့ လက်နက်ကြီးက မရပ်သေးဘူး၊ လက်နက်ကြီးရပ်မှပဲ ပြန်ရဖို့ရှိတယ်” လို့ ပြောပါတယ်။

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ ၃၁၀ အမြောက်တပ်ရင်းနဲ့ ခမရ ၂၀၇ တပ်ရင်းတို့ကို ဇွန် ၂ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတဦးသေဆုံးပြီး အရာရှိတဦးအပါအဝင် စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သထုံမြို့နယ်မှာလည်း ဇွန် ၃ ရက်က ခမရ ၉ တပ်ရင်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ချောင်းစောက်ကျေးရွာအုပ်စုရှိ ရေဝေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဆောင် ၂ ခု ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013