Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် သီဟိုဠ်သရက်ပင် ဆေးဖက်ဝင်
DVB
·
June 5, 2024
ArticleMedicle_05062024

တော်လှန်မိုးကြီးအောက် အာဏာခံတွင်းပျက်တို့  စုန်းစုန်းမြုပ်ဖို့ အချိန်ကျရောက်လာပြီ။

တက်ညီလက်ညီရုန်း မကြာမီ ခရီးဆုံးလုပြီမို့ အားတင်းကာရှေ့ဆက် ရဲရဲချီတက်ကြဦးစို့။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် သီဟိုဠ်သရက်ပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

သီဟိုဠ်သရက်ပင်ကို သိပ္ပံလို Anacardium occidentale လို့ခေါ်ပြီး အင်္ဂလိပ်လို Cashews လို့ ခေါ်ပါတယ်။

သီဟိုဠ်သရက်ပင်မှာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဇင့်၊ ဖော့စဖရပ်၊ သံဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင် ကေ၊ ဗီတာမင် B6 စတဲ့ အာဟာရ သတ္တုဓာတ်များနဲ့ ascorbic acid, thiamine, riboflavin, niacin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတ်ပေါင်းများနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး သွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးခြင်း၊ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချပေးခြင်း၊ အသက်ရှည်ဆေးအဖြစ် ကူညီပေးခြင်း၊ အရိုးအဆစ်ရောင်ခြင်းကို လျှော့ချပေးနိုင်ခြင်း၊ အူမကြီးကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးမှုကို လျော့ပါးစေခြင်း စတဲ့အစွမ်းအာနိသင်များ ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ အရွက်၊ အခေါက်၊ အစေ့နဲ့ အခွံတို့ကို သုံးစွဲကြပါတယ်။

သီဟိုဠ်စေ့မှာ polyphenol နဲ့ carotenoid ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝတာကြောင့် သီဟိုဠ်စေ့ စားသုံးတာက သွေးတွင်းမကောင်းတဲ့ အဆီပမာဏကို လျှော့ချပေးကာ ကောင်းတဲ့အဆီကို တိုးပွားစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့အပြင် ကျန်းမာသန်စွမ်းပြီး ရောဂါကင်းစင်စေပါတယ်။

သီဟိုဠ်စေ့ကို ပုံမှန်စားသုံးပေးခြင်းဖြင့် သီဟိုဠ်စေ့မှာပါဝင်တဲ့ အမျှင်ဓာတ်များက သွေးတွင်း သကြားဓာတ်တိုးခြင်းကို ကာကွယ်ပေးကာ မြင့်မားတဲ့ ပရိုတင်းနဲ့ မပြည့်ဝဆီ ပါဝင်မှုကြောင့် အင်ဆူလင် အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးကာ ဆီးချိုရောဂါရှိသူများမှာ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

သီဟိုဠ်စေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (polyphenol နဲ့ carotenoid ဓာတ်ပေါင်းများ) ပါဝင်တာကြောင့် ကိုယ်တွင်းအင်္ဂါများ၊ တစ်ရှူးများနဲ့ ဆဲလ်များ ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပါကင်ဆန်၊ အယ်လ်ဇိုင်းမားနဲ့ အာရုံကြောရောဂါအမျိုးမျိုးကို ဟန့်တားပေးနိုင်ပါတယ်။

သီဟိုဠ်စေ့စားသုံးခြင်းက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ်ကို လျော့ပါးစေပါတယ်။ သီဟိုဠ်စေ့ စားသုံးခြင်းဟာ အရိုးအဆစ်ရောင်ခြင်းကို လျော့ပါးစေတဲ့အပြင် အူမကြီးရောင်ခြင်းကိုလည်း လျော့ပါးစေပါတယ်။

သီဟိုဠ်စေ့မှာ Zeaxanthin ရောင်ခြယ်ပစ္စည်းတမျိုး ပါဝင်ပြီး သီဟိုဠ်စေ့ စားသုံးခြင်းဖြင့် မြင်လွှာကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးပြီး မျက်လုံးကျန်းမာရေးကို မြှင့်တင်‌ပေးပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဝမ်းကိုက်ခြင်းတို့အတွက် သီဟိုဠ်အခေါက်ဖြစ်စေ၊ အရွက်ဖြစ်စေ ကျကျပြုတ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

သီဟိုဠ်ရွက်ဟာ သွေးတွင်းသကြားဓာတ်ပမာဏနဲ့ သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်တာကြောင့် ဆီးချို၊ သွေးတိုးဝေဒနာရှင်များ သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်နဲ့ သွေးပေါင်ချိန် အတက် အကျကို မူတည်ပြီး သီဟိုဠ်ရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

တုပ်ကွေးရောဂါအတွက် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို ငရုတ်ကောင်းမှုန့် ကော်ဖီဇွန်းဝက်ခန့် ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အခေါက်ပြုတ်ရည်ကို ခံတွင်းအနာ၊ လည်ချောင်းနာများမှာ ငုံဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ခန္ဓာကိုယ်အနှံ့ အကိုက်အခဲဝေဒနာများကို အရွက်ပြုတ်ရည် နွေးနွေးနဲ့ ရေချိုးပေးနိုင်ပါတယ်။

သီဟိုဠ်စေ့မှ ရတဲ့ဆီကို ခြေဖနောင့် ကွဲအက်နာများမှာ လိမ်းပေးနိုင်ပါတယ်။

သီဟိုဠ်စေ့ကို ပုံမှန်စားသုံးပေးခြင်းဖြင့် အမျိုးသမီးများမှာ ဟော်မုန်းကို ထိန်းညှိပေးတဲ့အပြင် သွေးဆုံးပြီး ပန်းနာရင်ကျပ်ရောဂါကို လျော့နည်းစေပါတယ်။

သီဟိုဠ်စေ့ကို ပုံမှန်စားသုံးပေးတာက အရိုးအဆစ်များ ကျန်းမာသန်စွမ်းခြင်း၊ အာရုံကြော အားကောင်းခြင်း၊ အသားအ‌ရေနဲ့ ဆံပင်ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ နှလုံးသွေးကြောများနဲ့ သွေးလှည့်ပတ်မှု ကောင်းစေခြင်း၊ ကင်ဆာကို ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

သီဟိုဠ်သီးမှာ ဘက်တီးရီးယားများကို ဆန့်ကျင်အာနိသင်ရှိပြီး သီဟိုဠ်သီးဖျော်ရည် သောက်ပေးခြင်းက အစာအိမ်ကျန်းမာရေးကို မြှင့်တင်‌ပေးပြီး အစာအိမ်နာများကိုလည်း သက်သာစေပါတယ်။

သတိပြုရန်အနေနဲ့ သီဟိုဠ်စေ့နဲ့ ဓာတ်မတည့်သူများမှာ ပျို့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ ကြွက်တက်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ဗိုက်နာခြင်း၊ အသက်ရှူရခက်ခြင်း စတာတွေ ဖြစ်နိုင်တဲ့အတွက် ‌ရှောင်ကြဥ်သင့်ပါတယ်။

သီဟိုဠ်စေ့အခွံက အစေးဟာ ထိတွေ့မိတဲ့အခါ အရေပြားမှာ အဖုအပိမ့်ဖြစ်ခြင်း၊ ယားယံခြင်း၊ အပူလောင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

သီဟိုဠ်စေ့မှာ oxalate ကြွယ်ဝတာကြောင့် ကျောက်ကပ် ကျောက်တည်ရောဂါ အခံရှိသူများ၊ ကျောက်ကပ်အားနည်းသူများ သီဟိုဠ်စေ့ စားသောက်ခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။

နွေဦးပြည်သူများ သီဟိုဠ်ပင်ရဲ့ ကျန်းမာရေးအကျိုးအာနိသင်များကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ပန်းတိုင်မှာ အတူပြန်ဆုံကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024