DVB Logo
Home
နိုင်ငံတကာ
အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့်ပတ်သက်သည့် ဘတ်သန်းပေါင်း ၂၂၀ ကျော်ကို ထိုင်းရဲသိမ်းဆည်း
DVB
·
May 31, 2024
အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့်ပတ်သက်သည့် ဘတ်သန်းပေါင်း ၂၂၀ ကျော်ကို ထိုင်းရဲသိမ်းဆည်း
Donate to DVB

ထိုင်းနိုင်ငံမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ နေရာပေါင်း ၅ နေရာကို သွားရောက် စစ်ဆေးပြီး နေအိမ်၊ ကွန်ဒိုတိုက်ခန်း၊ ဇိမ်ခံကားတွေ အပါအဝင် ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၂၂၀ ကျော်ကို သိမ်းဆည်းခဲ့တယ်လို့ ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့က မေ ၃၀ ရက် မွန်းလွဲပိုင်း သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့ဟာ အွန်လိုင်းလိမ်လည်မှုတွေကို The Purge လို့ အမည်ပေးထားတဲ့ စီမံချက်နဲ့ ဆောင်ရွက်နေရာမှာ ခုတခေါက်ဟာ ဒုတိယအကြိမ် EP-2 ဖြစ်ပြီး ပထမအကြိမ်က ဖမ်းဆီးနှိမ်နင်းခဲ့တဲ့ ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ် နှိမ်နင်းတာ ဖြစ်ပါတယ်။

စီမံချက်အမှတ် ၂ မှာ အွန်လိုင်းလိမ်လည်မှု Hybrid Scam  နဲ့ပတ်သက်တဲ့ ဘန်ကောက်က ၄ နေရာ၊ လယောင်းမှာ ၁ နေရာ စုစုပေါင်း ၅ နေရာကို တရားရုံးက ဝရမ်းစာနဲ့ သွားစစ်ဆေးခဲ့ပြီး ငွေကြေးခဝါချထားတဲ့ တန်ဖိုးကြီးနေအိမ် ၄ လုံး၊ ကွန်ဒိုမီနီယံတိုက်ခန်းပါဝင်တယ်လို့  ထိုင်းလူမှုရေးနဲ့ စီးပွားရေး ဒစ်ဂျစ်တယ်လ်ဆိုင်ရာ ဝန်ကြီး နိုင်းပရဆစ်ကျဆုန်းထောင်းက သတင်းစာရှင်းပွဲမှာ ပြောပါ တယ်။

ဘန်ကောက်မှာဆိုရင် ပရဝေ့နယ်မြေ ဒေါက်မိုင်ရပ်ကွက် ဘန်နား-အွန်နွတ်လမ်းပေါ်ရှိ Grand Bangkok အိမ်ရာက ဘတ် ၃၆ သန်းတန် နေအိမ် ၁ လုံးနဲ့   Vanuatu  နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့  အသက် ၃၈ နှစ်ရွယ် Mr.Jianfei wei ဆိုသူ တရုတ်အ မျိုးသား ၁ ဦးကို ဖမ်းဆီးရမိတယ်။ သူဟာ တရုတ်နိုင်ငံက အလိုရှိနေတဲ့ ဝရမ်းပြေး တဦး လည်းဖြစ်ပြီး  အွန်လိုင်းရင်းနှီးမြှုပ်နှံမှုဂိုဏ်းမှာ အရေးပါတဲ့တရားခံ တဦးလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ဘန်ကောက် လတ်ဖရောဝ့်နယ်မြေ ပဆစ်မနူးကစ်လမ်း Artale Ekkamai-Ramintra အိမ်ရာမှ ဘတ် ၃၈ ဒသမ ၃ သန်းနဲ့ ၂၇ ဒသမ ၇ သန်းတန် နေအိမ် ၂ လုံးကိုလည်း‌ကောင်း၊ ဘန်ကောက် ယန်နာဝါနယ်မြေ ဖရာ့လမ်းဆာမ်ရှိ  The Welton rama 3 အိမ်ရာမှ ဘတ် ၈၅ သန်းတန် နေအိမ် ၁ လုံး၊ အဆိုပါအိမ်ကနေ အသက် ၃၂ နှစ်အရွယ် တရုတ်အမျိုးသမီး နန်းလိ ဟွန့်လူကို လည်းကောင်း ဖမ်းဆီးခဲ့တယ်၊ သူကအဲဒီမှာ ငှားနေတာလို့ ထွက်ဆိုပေမဲ့ ရဲတပ်ဖွဲ့မှာ ပိုင်ရှင်ဖြစ်ကြောင်း အထောက်အထားတွေ ရှိတယ်လို့ ဆိုပါတယ်။

ဘန်ကောက် နောက်နေရာ ၂ ခုမှာ ဘန်ကောက် ဆုခိုဝစ်နယ်မြေ Whizdom Essence Sukhumvit ကွန်ဒိုတိုက်ခန်းက အသက် ၃၃ နှစ်ရွယ် နိုင်းထနဖန်း ဆိုသူ ထိုင်းအမျိုးသား ၁ ဦးကို ဘဏ်စုငွေစာအုပ် ၁၈ အုပ်၊ တယ်လီဖုန်း ၃ လုံး၊ ကွန်ပြူတာ ၂ လုံးနဲ့အတူ ဖမ်းမိပြီး ဘန်ကောက် ကျဒူးကျတ်နယ်မြေ ဝိဖားဝဒီလမ်း ၃၀ မှာ နေထိုင်သူ နိုင်းဆုဖဆစ်ကို ဖမ်းမိတယ်၊ သူကတော့ အမည်ခံပြီး ဘဏ်စာရင်းဖွင့်ပေးသူလို့ ဆိုပါတယ်။

နောက်ထပ် ဂိုဏ်းသားတဦးဖြစ်တဲ့ နိုင်းကန်းနိဖစ် နိထီဆကစ်ကွန်း ဆိုသူကိုတော့ လယောင်းခရိုင် လယောင်းမြို့ ဆုခုမ်ဝစ်လမ်းရှိ နေအိမ်တအိမ်မှာ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင် The Purge EP-1 စီမံချက်မှာ အွန်လိုင်းလိမ်လည်မှုဂိုဏ်းရဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၂၅၀ ကျော်ကို သိမ်းဆည်းခဲ့ပြီးဖြစ်တယ်၊ ဖမ်းဝရမ်းထုတ်ထားတဲ့ တရားခံ စုစုပေါင်း ၂၇ ဦးရှိပြီး တချို့ကတော့ အိမ်နီးချင်းနိုင်ငံတွေမှာ ပုန်းရှောင်နေတယ်၊ ဒီဂိုဏ်းဟာ အွန်လိုင်းမှာ ဒစ်ဂျစ်တယ် ငွေရင်းနှီးမြှုပ်နှံသူတွေ ဖိတ်ခေါ်ပြီး ပထမပိုင်းမှာ အမြတ်အစွန်းငွေတွေ လွှဲပေးပေမဲ့ နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုများလာရင် အဆက်ဖြတ်ပြီး ငွေအားလုံးကို အပိုင်သိမ်းယူလိုက်တာဖြစ်တယ်၊ သူတို့ရဲ့ နှစ်စဉ်လည်ပတ်ငွေဟာ ဘတ်သန်းပေါင်း ၃၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုင်ဘာရဲတပ်ဖွဲ့က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Source: Thairath/ Today

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013