
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ငွေချေးတာမပေးတာကြောင့် အမျိုးသမီးတယောက်အား လုယက်သတ်ဖြတ် မီးရှို့အလောင်းဖျောက်ခဲ့တဲ့ အမျိုးသားတယောက်ကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မတ် ၃ ရက်က ဟင်္သာတမြို့နယ်၊ ကျုံတုံးကျေးရွာအုပ်စု၊ ဆပ်ပြာအိုင်ကျေးရွာက လူမနေတဲ့ ဝါးဘိုးခြံလွတ်အတွင်းမှာ အသက် ၅၇ နှစ်အရွယ် ကျုံတုံးကျေးရွာက ဒေါ်သင်းသင်းအေးဟာ မီးရှို့အသတ်ခံရတဲ့ အနေအထားနဲ့ တွေ့ရှိခဲ့ပြီး ဖြစ်စဉ်ကို စစ်ကောင်စီရဲတွေက ဆက်လက် စုံစမ်းစစ်ဆေးခဲ့တာလို့ သိရပါတယ်။
စုံစမ်းစစ်ဆေးချက်တွေအရ ကျူးလွန်သူဟာ ဟင်္သာတမြို့နယ်၊ ကျုံတုံးကျေးရွာအုပ်စု၊ ကြီးချောင်းကျေးရွာနေ အွန်စော (ခ) ဖြိုးဝေအောင် ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးခဲ့ရာ မတ် ၂၈ ရက်က မအူပင်မြို့ ကားဝင်းထဲမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်ဆေးချက်အရ ငွေချေးတာမရလို့ ငွေကိုလည်း လုယက်ယူပြီး သတ်ဖြတ်တာလို့ ထွက်ဆိုထားတယ်လို့ သိရပါတယ်။ မီးရှို့သတ်ဖြတ်ထားတဲ့ အလောင်းကို အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံတွေက တွေ့လို့ ရဲစခန်းကို အကြောင်းကြားပြီး အမှုဖွင့် စစ်ဆေးခဲ့တာ” လို့ ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်တဲ့ တရားခံ အွန်စော (ခ) ဖြိုးဝေအောင်ကို လုယက် လူသတ် မီးရှို့ အလောင်းဖျောက်မှုနဲ့ ဟင်္သာတမြို့ နယ်မြေခံရဲစခန်းက ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၉၄/၂၁၁ နဲ့ အမှုဖွင့် စစ်ဆေးနေ ပါတယ်။
လူသတ် မီးရှို့ အလောင်းဖျောက်မှု ကျူးလွန်သူ အွန်စော (ခ) ဖြိုးဝေအောင်ဟာ ၂၀၂၂ ခုက ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၅ နှစ် ကျခဲ့ဖူးသူဖြစ်ပြီး ၂၀၂၅ နှစ်ကုန်ပိုင်းက စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။










