DVB Logo
Home
မြန်မာသတင်း
ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်ရုပ်သိမ်းပေးရန် ကြံ့ခိုင်ရေးပါတီအပါအဝင် ၂၅ ပါတီ တောင်းဆို
DVB
·
May 29, 2024
ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်ရုပ်သိမ်းပေးရန် ကြံ့ခိုင်ရေးပါတီအပါအဝင် ၂၅ ပါတီ တောင်းဆို
Donate to DVB

မြန်မာစီးပွားရေးကျဆင်းမှုဖြစ်စေတဲ့ နိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကို  လက်သင့်မခံတဲ့အတွက် အမြန်ဆုံးပြန်ရုပ်သိမ်းပေးဖို့ ကြံ့ခိုင်ရေးပါတီအပါအဝင်  နိုင်ငံရေးပါတီ ၂၅ ပါတီက ပူးတွဲကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

အင်အားကြီးနိုင်ငံတွေနဲ့ ကမ္ဘာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံအပေါ်မှာ စာနာကူညီမှုနဲ့ စောင့်ရှောက်မှုမပေးဘဲ အာဏာသိမ်းစစ်တပ်က ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် ၅ ရပ်ကို နှောင့်နှေးရပ်တန့်စေဖို့နဲ့ ရွေးကောက်ပွဲဖြစ်ပေါ်မလာစေဖို့အပြင် နိုင်ငံရေး စီးပွားရေးနဲ့ လူထုစီးပွား အကျပ်အတည်းဖြစ်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ အရေးယူပိတ်ဆို့မှုတွေကို ပြုလုပ်နေတယ်လို့ ကြံ့ခိုင်ရေးပါတီအပါအဝင် ၂၅ ပါတီက မေ ၂၈ ရက်က  မင်းဓမ္မလမ်းက MCC ခန်းမမှာ တွေ့ဆုံမှုအပြီး ပူးတွဲထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီကို ဦးတည်ပြီး နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ပြည်တွင်းမှာရှိနေကြတဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးကို ထိခိုက်နစ်နာစေပြီး ဒုက္ခသံသရာထဲရောက်အောင်ပို့နေတဲ့ လုပ်ရပ်တွေဖြစ်တာကြောင့်  မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု (Sanctions) တွေကို အမြန်ဆုံးပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအစည်းအဝေးတက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းကတော့ အခုလို နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေဟာ  မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေအပေါ် အာဏာသိမ်းစစ်တပ်ရဲ့ ကိုင်တွယ် ဖြေရှင်းမှုတွေကို ယုံကြည်လက်ခံခြင်းမရှိတာကြောင့်ဖြစ်ပေါ်လာတာလို့ ပြောပါတယ်။

“နိုင်ငံတကာကလည်း သူ့နေရာနဲ့သူ၊ တပ်ကလည်းသူနေရာနဲ့သူ၊ ထိခိုက်တာကတော့ ဘာမသိညာမသိတဲ့ ပြည်သူများပေါ့ဗျာ။ စစ်ဘေးလည်းရှောင်ရ ကုန်ဈေးနှုန်းတက် ဒဏ်လည်းခံရ၊ လုပ်ငန်းကိုင်ငန်းတွေပျက်တဲ့သူကလည်းပျက်၊ ဒါတွေကိုကျော်လွှားနိုင်ဖို့ ဝိုင်းလုပ်ကြရမှာပေါ့။ ပိတ်ဆို့မှုတွေလုပ်တဲ့အထဲမှာလည်း ရွေးကောက်ပွဲကော်မရှင်လည်း ပါနေတယ်၊ သူသုံးရမယ့်ရွေးကောက်ပွဲ ဘတ်ဂျက်တွေကလည်း ပြဿနာရှိနေတယ်။ အဲဒီအပြင် နိုင်ငံရေးပါတီတွေကလည်း ရွေးကောက်ပွဲ တကယ်ကျင်းပရင် ဝင်ပြိုင်မယ့်က ကိုယ်စားလှယ်လောင်းတွေကလည်း ကုန်ဈေးနှုန်းကြီးတော့ ဝင်ငွေမရှိထွက်ငွေများလာမယ်။ ဒါတွေအားလုံးလည်း အကျပ်အတည်းဖြစ်နေတယ်။ နဂိုကမှ အကျပ်အတည်းဖြစ်နေတာကို ကမ္ဘာကထပ်ပြီးတော့ ပိတ်ဆို့အရေးယူမှုတွေဖြစ်တော့ အတော်ခက်ခဲသွားတာပေါ့။”

လက်ရှိမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်း စီးပွားရေး အကျပ်အတည်းတွေအပြင် အဘက်ဘက်က ထိခိုက်ပျက်စီးနေတာဟာ ပြည်သူလူထုရဲ့ ရွေးချယ်မှုနဲ့တင်မြှောက်ထားတဲ့ အစိုးရကို လက်နက်အားကိုးပြီး နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းပိုက်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်တွေဖြစ်တယ်လို့ နိုင်ငံရေး အသိုက်အဝန်းက အပြစ်တင်ပါတယ်။

အခုလိုမျိုးစီးပွားရေး ကျပ်တည်းမှုတွေကို ပြည်သူလူထုခံစားလာရတာဟာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနောက်မှာမှ ဖြစ်ပေါ်လာခဲ့တာမဟုတ်ဘဲ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးတဲ့အချိန်ကတည်းက ကြုံတွေ့လာရတာဖြစ်လို့ နိုင်ငံရေးပြဿနာကို ပြေလည်အောင်မဖြေရှင်းနိုင်ရင် အခုထက်ပိုကျပ်တည်းမှုတွေနဲ့ ပြည်သူတွေ ခံစားရနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

“မြန်မာနိုင်ငံမှာက တည်ငြိမ်မှုမရှိတဲ့အတွက်ကြောင့် စီးပွားရေးအကျပ်အတည်းပိုရောက်နေ တယ်လို့ သုံးသပ်တယ်။ နိုင်ငံရေးပြဿနာက နိုင်ငံရေးနည်းလမ်းအရဖြေရှင်း ရမယ့်အချိန်ဖြစ်တယ်။ အဓိကပြဿနာက ပြည်တွင်းမှာနိုင်ငံရေးအရ အဖြေမရှာနိုင်တဲ့ အတွက်ကြောင့် အခုလိုအကျပ်အတည်းပိုဆိုက်ရောက်သွားတယ်လို့ မြင်တယ်။”

နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူလိုက်လို့ အခုလိုမျိုးကျပ်တည်းမှုတွေ ဖြစ်ပေါ်လာတာ မှန်ပေမဲ့ လက်ရှိကြုံတွေ့နေရတဲ့နိုင်ငံရေးအကျပ်အတည်းကို ပြေလည်အောင်ဖြေရှင်းဖို့က အရေးကြီးပြီး ရွေးကောက်ပွဲ တခုအမြန်ဆုံးပေါ်ပေါက်လာအောင် အားလုံးက ဝိုင်းပြီး ကြိုးစားဆောင်ရွက်သင့်တယ်လို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်ကပြောပါတယ်။

“ဘယ်သူ့ ဘယ်သူကို အပြစ်ပြောမယ့်အစား မညီညွတ်တာက ဇာတ်လမ်းစတာ။ ပြောနေလို့ဆုံး မှာမဟုတ်ဘူး။ အဓိက က ပြည်တွင်းမှာရှိနေတဲ့သူတွေရဲ့ မညီညွတ်တဲ့စိတ်ဓာတ်တွေကြောင့် စီးပွားရေးချွတ်ခြုံကျတယ်လို့ မြင်တယ်။ အောက်ခြေလူတန်းစားတွေ အကုန်ဒုက္ခရောက်တယ်။ သူဌေးကလည်း ဆင်းရဲသွားတယ်။ ဆင်းရဲတဲ့သူက မွဲသွားတယ်။ လုပ်ငန်းကိုင်ငန်းတွေက ဘယ်အရာမှ အဆင်မပြေဘူး။ ငွေကြေးကလည်းမတရား ဖောင်းပွသွားတယ်။ ရှူဆေးလေး တဘူးတောင် ၁၀၀၀ ကျော်တန်တာကိုကျပ်  ၅၀၀၀ ကျော်ပေးရတယ်။ စီးပွားရေးက အကျပ်အတည်းက အများကြီးကြုံနေရတယ်။”

နိုင်ငံရေးပါတီ ၂၅ ပါတီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေဟာ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကိုပိတ်ဆို့တာ၊ အစိုးရနဲ့ထောက်ပံ့ဆက်သွယ်မှုတွေကို ဖြတ်တောက်တာ၊ လူမှုစီးပွားဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပိတ်ဆို့တာ၊ လွှဲကြေးလွှဲပြောင်းမှု၊ ခရီးသွားလာမှုနဲ့ ကုန်ပစ္စည်းတင်ပို့မှုတွေကို ကန့်သတ်ပိတ်ဆို့တာတွေအပြင် ကမ္ဘာ့နိုင်ငံတွေ နဲ့ ဆက်သွယ်မှုကို ဆိုင့်ငံ့ပြီး အထီးကျန်အောင် လုပ်ဆောင်တာလို့ ဖော်ပြထားပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့အချိန်ကနေဒီကနေ့အချိန်ထိ စစ်ခေါင်းဆောင်တွေအပါအဝင် အာဏာသိမ်း စစ်တပ်နဲ့ပတ်သတ်တဲ့ လူပုဂ္ဂိုလ် ၁၆၁ ဦးနဲ့ အဖွဲ့အစည်း ၇၅ ဖွဲ့ကို နိုင်ငံတကာက ပိတ်ဆို့ အရေးယူထားတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကတော့ စစ်အုပ်စုအပေါ် နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ မလုံလောက်သေးတဲ့ အကြောင်းနဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့  အာဏာသိမ်း စစ်တပ်နဲ့ အပေါင်းပါတွေကို ပစ်မှတ်ထားပြီး   ဘဏ္ဍာရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကို လုပ်ဆောင်ဖို့နဲ့ ပြည်သူတွေကို ဗုံးကြဲနေတဲ့ လေယာဉ်ဆီ ပိတ်ဆို့ တားဆီးမှုတွေ လုပ်ဆောင်ဖို့ စည်းရုံးလှုံ့ဆော်နေပါတယ်။ 

အောင်သူ

Photo-USDP / ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမမှာ မေ ၂၈ ရက် မနက်က ကျင်းပတဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013