DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မိုးသက်လေပြင်းတိုက်ပြီး သစ်ပင်များလဲကျ၊ လူ ၂ ဦး ဒဏ်ရာရ
DVB
·
May 26, 2024
ဧရာဝတီတိုင်းတွင် မိုးသက်လေပြင်းတိုက်ပြီး သစ်ပင်များလဲကျ၊ လူ ၂ ဦး ဒဏ်ရာရ
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီတိုင်းမှာ မေ ၂၅ ရက်က မိုးသက်လေပြင်းတိုက်ခတ်ပြီး သစ်ပင်တွေလဲကျတာ၊ စေတီထီးတော် ပျက်စီးတာတို့ ဖြစ်ခဲ့သလို လူတချို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

လေပြင်းဒဏ်ကြောင့် ဧရာဝတီတိုင်းထဲက ဟင်္သာတ၊ ပုသိမ်၊ ဝါးခယ်မ၊ အမာ၊ ဟိုင်းကြီးကျွန်း၊ ဖျာပုံ စတဲ့မြို့နယ်တို့မှာ ထိခိုက်ပျက်စီးဆုံးရှုံးတာတွေ အများဆုံးဖြစ်ခဲ့တာလို့ သိရပါတယ်။

ဧရာဝတီတိုင်းအခြေပြု ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တယောက်က “မိုးက အရမ်းရွာတယ်၊ လေကလည်းပြင်းတယ်လေ။ ဒါ့ကြောင့် ထိခိုက်ပျက်တာ။ အဲ လေပြင်းဒဏ်ကြောင့် ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်မှာတည်ရှိတဲ့ ရွှေမြင်တင် ဘုန်းကြီးကျောင်းအနီး ဗောဓိညောင်ပင်ကြီး မမြစ်ကျွတ်ထွက်လဲကျလို့ စေတီ တော်ထီးတော် ထိခိုက်ပျက်စီးခဲ့တာ။ ဟင်္သာတ-အင်္ဂပူလမ်းမကြီး မိုင်တိုင် ၅/၄နဲ့ မိုင်တိုင် ၆/၅ ကြားမှာ မလေးရှားပိတောက်ပင်လဲကျလို့ လူ ၂ ယောက်ထိခိုက် ဒဏ်ရာရရှိ သွားတယ်။ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၁ ယောက်ပါ။ ထိခိုက်ဒဏ်ရာတွေက ပြင်းထန်တယ်။ သူတို့က လမ်းသွားလမ်းလာတွေပါ။ သစ်ပင်လဲတဲ့အချိန် ဆိုင်ကယ် အရှိန်မထိန်းနိုင်ဘဲ လဲကျတဲ့သစ်ပင် အောက်ရောက်သွားတာ” လို့ ပြောပါတယ်။

မိုးသက်လေပြင်းဒဏ်ကြောင့် သစ်ပင်လဲကျလို့ မျက်နှာ၊ ဦးခေါင်း၊ နံရိုး၊ ခြေထောက် စတဲ့နေရာတွေမှာ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ သူ ၂ ယောက်ကို ပရဟိတအဖွဲ့တွေက ဟင်္သာတမြို့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ပြီး ၁ ယောက်ကိုတော့ ရန်ကုန်ဆေးရုံကြီးကို လွှဲလိုက်ရတယ်လို့ သိရပါတယ်။

ဝါးခယ်မ မြို့ခံတယော်ကကလည်း “မနေ့ မနက်ပိုင်းက ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ မြို့မလမ်းပေါ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့တယ်။ ကံကောင်းလို့ လူသေဆုံး ထိခိုက်တာတွေမရှိတာ။ လမ်းပိတ်ဆို့မှုတွေတော့ ဖြစ်ပေါ်ခဲ့တယ်” လို့ ပြောပါတယ်။

လေပြင်းဒဏ်ကြောင့် ရန်ကုန်-အင်္ဂပူလမ်းမကြီး ပိတ်ဆို့မှုနဲ့ ဟင်္သာတ၊ ပုသိမ်၊ ဝါးခယ်မ မြို့ထဲလမ်းတွေ ပိတ်ဆို့တာနဲ့ ထိခိုက်ပျက်စီးတာတွေကို မီးသတ်တပ်ဖွဲ့တွေ၊ ပရဟိတ အဖွဲ့တွေ၊ ဒေသခံတွေနဲ့ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ပူးပေါင်းရှင်းလင်းခဲ့ကြ တယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့  အားကောင်းတဲ့ မုန်တိုင်းရဲ့ အရှိန်ကြောင့် မနေ့ မေ ၂၅ ရက် မနက်ပိုင်းကနေ မေ ၂၇ ရက်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာတွေမှာ ဒေသအလိုက် နေရာကွက်လို့ မိုးကြီးတာနဲ့အတူ လေပြင်း တိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းချက်ထုတ်ပြန် ထားပါတယ်။

ဓာတ်ပုံ - MFSD + Myo Tu

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013