DVB Logo
Home
မြန်မာသတင်း
ရဲအရာခံဗိုလ် ၁ ဦးနှင့် ဒုတပ်ကြပ် ၁ ဦးတို့ကို မုံရွာပလဖ ဖမ်းဆီး
DVB
·
May 25, 2024
ရဲအရာခံဗိုလ် ၁ ဦးနှင့် ဒုတပ်ကြပ် ၁ ဦးတို့ကို မုံရွာပလဖ ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပြည်သူအသွင်ယူထားတဲ့ ရဲအရာခံဗိုလ် ၀င်းနိုင်နဲ့ ပြည်သူ့စစ်သင်တန်းပေးနေတဲ့ စစ်ကောင်စီတပ်သား ဒုတပ်ကြပ် စန်းချစ်နိုင်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောပါတယ်။

မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နေဇာလမ်းမှာနေထိုင်ပြီး လွင်-ငါးပိထောင်းဆိုင် ဖွင့်ထားသူတဦးဖြစ်တဲ့ ပြည်သူအသွင်ယူထားသူ ရဲတပ်ဖွဲ့၀င် အရာခံဗိုလ်၀င်းနိုင်ကို မေ ၁၉ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာ-ပလဖ အဖွဲ့ရဲ့ တာ၀န်ခံတဦးက “မုံရွာမြို့က ထောင်အနှစ် ၅၀ ကျော် ချမှတ်ခံထားရတဲ့ ကိုဝေမိုးနိုင် အပါအ၀င် သပိတ်အဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့၀င်တွေနဲ့ တော်လှန်ရေးအဖွဲ့၀င်တွေနဲ့ ဆက်စပ်သူတွေရဲ့သတင်းတွေကို ပြည်သူအရပ်သားအသွင်ယူပြီး စုံစမ်းထောက်လှမ်းပေးနေတဲ့ ရဲအရာခံဗိုလ်ဝင်းနိုင်ကို ကျနော်တို့ မုံရွာ-ပလဖ အဖွဲ့တွေက မြို့ထဲအထိ ၀င်ရောက်ဖမ်းဆီးနိုင်ခဲ့ပါတယ်” လို့ အတည်ပြုပြောပါတယ်။

အရပ်သားပြည်သူအသွင်ယူကာ နယ်မြေသတင်းတွေ ထောက်လှမ်းစုံစမ်းပြီး အထက်အရာရှိထံ တင်ပြပေးနေသူ ရဲအရာခံဗိုလ်ဝင်းနိုင်ဟာ မုံရွာခရိုင်၊ မှုခင်းဌာနမှာ တွဲဖက်တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပြီး သူနဲ့အတူ တွဲဖက်လုပ်ကိုင်နေသူ မုံရွာခရိုင်၊ မှုခင်းဌာနက တပ်ကြပ်ကြီး ဟန်ဝင်းအောင်ကိုလည်း ဖမ်းဆီးရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“သူ့ (ရဲအရာခံဗိုလ်ဝင်းနိုင်) ကို ဖမ်းဖို့ အချိန်တော်တော်လေးပေးလိုက်ရတယ်။ သူ့ဘေးမှာနေတဲ့ လက်နက်ကိုင် အစောင့်တွေ မရှိတဲ့အချိန် သူ့ဆိုင်မှာဝင်ဖမ်းခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်မှုတော့ မရှိခဲ့ပါဘူး။ ပစ်ခတ်မှုမဖြစ်ချင်တာကြောင့် ငြိမ်ငြိမ်လေးလိုက်ခဲ့ဖို့ပြောပြီး ခေါ်လာတာပါ” လို့ မုံရွာ-ပလဖ ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

ဖမ်းဆီးရမိသူ ရဲအရာခံဗိုလ်ဝင်းနိုင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တရားစီရင်ရေးအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ဖို့ ၀န်ခံထွက်ဆိုချက်တွေအတိုင်း စွဲချက်ရေးတင်ပြီး အကျဉ်းထောင်ကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းက မုံရွာမြို့ကို ပြောင်းရွှေ့လာတဲ့ ရဲအရာခံဗိုလ်ဝင်းနိုင်ဟာ ရဲတပ်ရင်း ၅ မှော်ဘီမှာ အခြေခံရဲတပ်သားသစ်သင်တန်းကို တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ လှည့်လည်တာဝန်ထမ်းဆောင်နေရသူဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်သား ဒုတပ်ကြပ် စန်းချစ်နိုင်ကိုတော့ လိုင်းကားစီးနင်းပြီး ခရီးသွားစဥ် မုံရွာ-အရာတော်လမ်းပေါ်မှာ မေ ၂၂ ရက်က ဖမ်းဆီးရမိခဲ့တာလို့ မုံရွာ-ပလဖ အဖွဲ့၀င်တဦးက ပြောပါတယ်။

“သူက လိုင်းကားစီးပြီးခရီးသွားတာ။ ကျနော်တို့ကလည်း သတင်းရလို့ လိုင်းကားတွေကို စစ်ဆေးတဲ့အချိန် လိုင်းကားပေါ်မှာဖမ်းမိတာပါ။” 

ဒုတပ်ကြပ် စန်းချစ်နိုင်ဟာ စစ်မှုထမ်းသက် ၁၅ နှစ်ရှိပြီးမှ ခွင့်မဲ့အဖြစ် ပြင်ပလောကမှာ နေထိုင်ခဲ့ပြီး ၂၀၂၄ ခု ဇန်နဝါရီလကမှ စစ်တပ်ထဲကို ပြန်လည်ဝင်ရောက်ကာ မုံရွာ ခမရ ၉၂၅ မှာ ပြည်သူ့စစ်တွေကို စစ်သင်တန်းပေးတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ ဒုတပ်ကြပ် စန်းချစ်နိုင်ကိုလည်း ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ အထက်အဆင့်ဆင့်ကို လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013