
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အရှေ့နယ်ပိုင်းကျေးရွာတချို့က ပြည်သူတွေဟာ မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို စိစစ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တောင်းဆို ဇူလိုင် ၁၇ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြခဲ့ကြတဲ့ ရွာသားတွေက မုံရွာမြို့နယ် ပလဖကို ပြန်လည်ဖွဲ့စည်းပေး၊ မုံရွာမြို့နယ် ပလဖ မတရားကျူးလွန်မှုများ NUG လူကြီးများ သိပါစေ၊ မုံရွာမြို့တွင်း ပြန်ပေးဆွဲ ငွေညှစ်မှုများ အရေးယူ ဆောင်ရွက်ပေးရေး၊ မုံရွာမြို့နယ် ပလဖရဲ့ ပြစ်မှုများ ပြန်လည်စိစစ်ပေး၊ စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဒေသခံတဦးက “အဓိက ပြစ်မှုတွေတော်တော်များများကတော့ ထောက်ပို့ရဲ့ မိသားစုတွေ တော်တော်များများကို ပြန်ပေးဆွဲတယ်၊ မုံရွာမြို့ပေါ်မှာရှိတဲ့ ပိုက်ဆံချမ်းသာတဲ့ လူတွေကို ပြန်ပေးဆွဲတယ်။ ၂၀၂၂-၂၀၂၃ မှာလည်း မုဒိမ်းမှုတခု ဖြစ်ခဲ့တယ်။ အဲဒီအမှုမှာလည်း မုဒိမ်းသမားကို ပလဖ ရဲဘော်အဖြစ် ပြန်လည် တာဝန်ထမ်းဆောင်ခိုင်းတယ်။ ယူနီဖောင်းနဲ့ သေနတ်နဲ့ ဂိတ်မှာ ပြန်ပြီး နေရာချထားတယ်။ နောက်ပြီး ဖမ်းဆီးထားတဲ့ ရဲတယောက်၊ CDM ဝင်ထားတာ မဟုတ်ဘူးနော် ဖမ်းဆီးထားတာ၊ အဲဒီရဲကိုလည်း အမှုစစ်ရဲအထိ ရာထူးပေးလိုက်တယ်။ နောက်ပြီး ဒုတာဝန်ခံ ကောင်းကြီး ဆိုရင်လည်း ဖမ်းဆီးခံထားရတဲ့သူပဲ၊ ဖမ်းဆီးခံရာကနေ ရဲဘော် ဖြစ်လာတာ။ အဲဒီတော့ ဒီလိုမျိုးတွေ ဖြစ်နေတော့ ဒီ ပလဖ က ခိုးဆိုးလုနှိုက် ဖမ်းဆီးထားတဲ့ ရဲဘော်တွေနဲ့ ပြည့်နေတဲ့ အဖွဲ့အစည်းတခုလား” လို့ မေးခွန်းထုတ်ပါတယ်။
ရွာသားတွေ တောင်းဆို ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မုံရွာ ပလဖအဖွဲ့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MOHAI) လက်အောက်မှာရှိတဲ့ မုံရွာမြို့နယ် ပလဖ စခန်းကို ဇွန်လက မုံရွာခရိုင် PDF တပ်ရင်းတွေက စီးနင်းဝင်ရောက် ဖမ်းဆီးရာမှာ ပစ်ခတ်မှုဖြစ်ပြီး ပလဖ ခေါင်းဆောင် အပါအဝင် ရဲဘော် ၅ ယောက်နဲ့ ပြည်သူ ၂ ယောက်၊ စုစုပေါင်း ၇ ယောက် သေဆုံးခဲ့ရတယ်ဆိုပြီး MOHAI ဒုဝန်ကြီး ဦးကျော်နီက အဖြစ်အပျက် ဖြစ်ပွားပြီးနောက် သတင်းမီဒီယာတွေမှာ ဖြေကြားခဲ့ပါတယ်။
လက်နက်ကိုင် အချင်းချင်း ဖမ်းဆီးတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပေမဲ့ အခုဖြစ်စဉ်ကတော့ NUG ကာကွယ်ရေးဝန်ကြီးဌာန - MOD ရဲ့ ညွှန်ကြားချက် မပါဘဲ မြေပြင်တပ်ဖွဲ့တွေက သူတို့သဘောနဲ့သူတို့ ဝင်ရောက် ဖမ်းဆီးတာလို့လည်း ဆိုခဲ့ပါတယ်။











