DVB Logo
Home
မြန်မာသတင်း
အင်းကျွန်းစစ်ရှောင်များကို NUG က သိန်း ၅၀၀ ကျော်ထောက်ပံ့၊ ဆားလင်းကြီး ပြည်သူ့အခြေပြု ကျောင်းအတွက် စာသင်ဆောင်လှူဒါန်း
DVB
·
May 21, 2024
အင်းကျွန်းစစ်ရှောင်များကို NUG က သိန်း ၅၀၀ ကျော်ထောက်ပံ့၊ ဆားလင်းကြီး ပြည်သူ့အခြေပြု ကျောင်းအတွက် စာသင်ဆောင်လှူဒါန်း
1 / 2
Donate to DVB

၃ နှစ်နီးပါးကြာ စစ်ဘေးတိမ်း‌ရှောင်နေရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အင်းကျွန်းကျေးရွာက စစ်ဘေးရှောင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ်သိန်း ၅၀၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ အင်းကျွန်းစစ်ဘေးရှောင်တွေက DVB ကို ပြောပါတယ်။

မေ ၁၉ ရက်မှာ NUG ရဲ့ မြို့နယ်ကျန်းမာရေးနှင့် လူသားစာနာအဖွဲ့က ဦးဆောင်ပြီး အင်းကျွန်းရွာ စစ်ဘေးရှောင် အိမ်ထောင်စု ၁၃၁ စုအတွက် အိမ်ထောင်စုတစုကို ၄ သိန်းကျပ်နှုန်းနဲ့ သိန်း ၅၀၀ ကျော် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

လူသားစာနာတာဝန်ခံနဲ့ နီးစပ်သူတဦးက “NUG ရဲ့ အစီအစဉ်နဲ့ မြို့ နယ်ကျန်းမာရေးအဖွဲ့နဲ့ လူသားစာနာအဖွဲ့က ဦးဆောင်ပြီး သွားရောက်လှူခဲ့ကြတာဗျ။ အင်းကျွန်းစစ်ရှောင်က အိမ်ထောင်စု ၁၃၁ စု လူဦးရေ ၅၀၀ လောက်ရှိတယ်။ ကျနော်တို့မိသားစုတစုကို ၄ သိန်းနှုန်းနဲ့ ၅၂၄ သိန်း စစ်ရှောင်တွေဆီ တိုက်ရိုက်ပေးအပ်ခဲ့တယ်။ နောက်ထပ် စစ်ရှောင်တွေကို လှူဒါန်းဖို့ တင်ပြထားတာတွေလည်းရှိပါတယ်” လို့ ပြောပါတယ်။

အင်းကျွန်းရွာက စစ်ဘေးရှောင်တွေဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ စစ်ကောင်စီက ကျေးရွာကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ရွာမှာတပ်စွဲနေကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

အင်းကျွန်းရွာမှ စစ်ဘေးရှောင်အမျိုးသားတဦးက “မိသားစုတစုကို ၄ သိန်းနှုန်း ရတာဗျ။ ထောက်ပံ့ပေးတော့ ကျနော်တို့လည်း အဆင်ပြေတာပါ့ဗျာ။ ကျနော်တို့ စစ်ရှောင်တွေ ကြာတော့လည်း မလွယ်ဘူး။ သူများအခင်းတွေမှာ အငှားလိုက်စားနေကြရတာ” လို့ ပြောပါတယ်။

ကလေးမြို့နယ်မှာလည်း လက်ရှိ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ဘေးရှောင်တွေ တိုးလာတာနဲ့အမျှ အကူအညီတွေ ဆက်လက်လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်အရေးကူအညီ ပေးနေသူတွေက ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ကျော် နေထိုင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေရဲ့ စစ်တမ်းအရ သိရပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အခြေပြု ကြားကာလအထက်တန်းကျောင်းအတွက် စာသင်ဆောင် ဆောက်လုပ်လှူဒါန်းပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

မေ ၂၁ ရက်မှာ စာသင်ဆောင်သစ်ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသားကျောင်းသူ အယောက် ၅၀၀ ကျော်ကိုလည်း မုန့်ဟင်းခါးနဲ့မုန့်တွေ ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

အခုစာသင်ဆောင်ဟာ အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့ ၆ ဆောင်မြောက် လှူဒါန်းမှုဖြစ်ပြီး တန်ဖိုးငွေ ၃၁ သိန်းကျော် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

“ဆားလင်းကြီးက ပြည်သူ့အခြေပြုအထက်တန်းကျောင်းတခုမှာ Grade-12 သင်ဖို့လိုအပ်တဲ့ ကျောင်းဆောင်ကို ပညာရေးအတွက် တထောင့်တနေရာကနေ လှူဒါန်းပေးခဲ့တာပါ၊ တန်ဖိုးအားဖြင့် ၃၁ သိန်းကျော် ကုန်ကျခဲ့ပါတယ်” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မဖူးပွင့်ဝေက ပြောပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ပညာရေးအတွက် ထောက်ပံ့ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

Photo - ကလေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013