DVB Logo
Home
မြန်မာသတင်း
ရွှေကုက္ကိုလ်မှ ကျားဖြန့်လုပ်ငန်းများ ထွက်ခွာရန် BGF  သတိပေးထားသော်လည်း ဆက်လုပ်ကိုင်နေ
DVB
·
May 21, 2024
ရွှေကုက္ကိုလ်မှ ကျားဖြန့်လုပ်ငန်းများ ထွက်ခွာရန် BGF  သတိပေးထားသော်လည်း ဆက်လုပ်ကိုင်နေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ  ရွှေကုက္ကိုလ်စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ ကျားဖြန့်  အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို ထွက်ခွာဖို့ BGF က သတိပေးစာ ထုတ်ပြန်ထားပေမဲ့ အဲဒီ ဒေသမှာ အခုချိန်ထိ ငွေလိမ်လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေဆဲပဲလို့ သိရပါတယ်။

ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာရှိတဲ့ ကျားဖြန့်လို့ ခေါ်တဲ့ တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို မေ ၁ ရက်ကစလို့ အောက်တိုဘာ ၃၁ ရက်အတွင်း ထွက်ခွာသွားကြဖို့ ကရင်နယ်ခြားစောင့်တပ် BGF က မေလပထမပတ်အတွင်း ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်ထိ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းနဲ့ မြဝတီမြို့ အတွင်းမှာ တရုတ်အွန်လိုင်း Scam center တွေ ဆက်လက် လုပ်ကိုင်နေဆဲလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေကုက္ကိုလ် စီမံကိန်းမှာ တစစ ကြီးထွားလာတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေရဲ့ နောက်ကွယ်မှာ မြန်မာစစ်တပ် အပါအဝင် BGF ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျူ (USIP) က ၂၀၂၄ ဧပြီ ၂၂ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

USIP မြန်မာနိုင်ငံဆိုင်ရာဌာနေ အကြီးအကဲ ဂျေစင်တာဝါက “ KKPark နဲ့ Huanya (Holding Group) ပရောဂျက်ကို လူတော်တော်များများက ရောနေကြတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ KNLA၊ အနိမ့်ဆုံးတော့ တပ်မဟာ ၇ ဟာ၊ အဲဒီ တပ်မဟာက ခေါင်းဆောင်တချို့ဟာ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြပါတယ်။ ဒါဟာ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားသူတွေအတွက် ခြိမ်းခြောက်မှုတရပ်၊ ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် အနာဂတ်မှာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုတရပ် ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရာဇဝတ်မှုမှာ ပါဝင်သူတွေနဲ့ နယ်ခြားစောင့်တပ်ဟာ အဲဒီ KNLA တပ်မဟာနဲ့ တော်တော်နီးစပ်မှုရှိပြီး၊ ဒီကိစ္စမှာ နောက်ထပ် ပါဝင်ပတ်သက်သူတွေ ဝင်လာအောင် ဒီလို ဆိုးရွား ယုတ်ညံ့တဲ့ ကိစ္စထဲကို (ကြံဖော်ကြံဖက်)အဖြစ် ဆွဲသွင်းတဲ့ ဓလေ့ကို ကိုယ်စားပြုတာလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ရွှေကုက္ကိုလ် စီမံကိန်းကနေ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၉၂ သန်းကို BGF/ KNA က ရရှိပြီး ၅၀ ရာခိုင်နှုန်းကို မြန်မာစစ်တပ်ဘက်က ရရှိကာ ကြွယ်ဝချမ်းသာနေတယ်လို့ USIP ဆောင်းပါးမှာ ဖော်ပြပါတယ်။

ကျားဖြန့် လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းနေသမျှ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ ဒီလုပ်ငန်းတွေ တိုက်ဖျက်ဖို့ဆိုရင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ၂၀၂၃ ဒီဇင်ဘာလအတွင်းက ပြောဆိုခဲ့ပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF တပ်ဖွဲ့ကတော့ ကျားဖြန့်လုပ်ငန်းတွေကို မေလ ၁ ရက်ကစလို့ သတ်မှတ်ကာလအတွင်း ထွက်ခွာဖို့နဲ့ အခုလို ထုတ်ပြန်တာဟာ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်တာပဲလို့ BGF တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ကျားဖြန့်က ထွက်တာတော့ ထွက်နေတာပဲ။ ကျနော်တို့ကတော့ ပြောထားတဲ့ ကာလမှာ သူတို့ကို ထွက်ခိုင်းတယ်။ သတ်မှတ်ချိန်တခုတွင်းမှာတော့ ကျားဖြန့်နဲ့ ပတ်သက်တဲ့သူတွေ ထွက်သွားရမှာပေါ့။ ဒါလေးကို ပပျောက်အောင်တော့ လုပ်ရမှာပေါ့။ အဓိကကတော့ သူတို့တွေကို ၆ လအတွင်း ပြန်ထွက်ဖို့ ကျနော်တို့ လုပ်တယ်ဆိုတာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသတာပါပဲ။ စောင့်ကြည့်ပါလို့။ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့ လိုက်မရှင်းပြတော့ဘူး။ အချိန်တခုမှာတော့ အဖြေတခု ထွက်လာမှာပါ။”

BGF အဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ ဟန်ပြသာဖြစ်ပြီး လက်တွေ့ မြေပြင်မှာတော့ ကျားဖြန့်အလုပ်တွေ ဆက်လုပ်ကိုင်နေသလို တရုတ် လုပ်ငန်းရှင်တွေကိုလည်း နေရာအသစ် ရွှေ့ဖို့ စီစဉ်ပေးနေတယ်လို့ ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးသူတဦးက “ဒါက တကယ့်ကို Forshow သီးသန့်ဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။ ဒါကို BGF တို့ ကိုယ်တိုင်က ဒီနေရာမှာ ပါဝင်ပတ်သက်မှု အကြီးကြီး ရှိနေတယ်။ အကျိုးရလဒ်တွေက အင်မတန်မှ ရနေတာ ဖြစ်တယ်။ အဲဒီအပေါ်မှာ သူတို့ ဒါကို relocate နေတာ ဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး BGF က ဘယ်လို ကိုင်တွယ်သွားမလဲ ကျနော်တို့ ကျနော်တို့ကတော့ စောင့်ကြည့်နေတယ်။ BGF တို့ DKBA တို့ မြန်မာစစ်တပ်တို့ ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်အားလုံး ဒါနဲ့ နောက်ဆက်တွဲကို ဖြေရှင်းရပါမယ်။ ဒါကို တိတိကျကျ မကိုင်တွယ် မဖြေရှင်းဘူးဆိုရင် ဒီပယောဂကြီးက နောက်ဆက်တွဲ ကရင်ပြည်သူပြည်သားတွေ ခံရမှာဖြစ်သလို တော်လှန်ရေးမှာလည်း ရိုက်ခတ်နိုင်တယ်”လို့ ပြောပါတယ်။

တယ်လီဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာလည်း မြဝတီ-ရွှေကုက္ကိုလ် အလုပ်ခေါ်စာတွေ ဆက်တိုက် ခေါ်ယူနေပြီး ရွှေကုက္ကိုလ်ကို အဝင် ပိတ်ထားပေမဲ့ လုံခြုံရေးအထူးလမ်းကြောင်းနဲ့ ခေါ်ယူပေးတာတွေ ရှိတယ်လို့ ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ရွှေကုက္ကိုလ်မှ လွတ်မြောက်လာသူတဦးက “Facebook  ပေါ်မှာ ရွှေကုက္ကိုလ်ကနေ ခေါ်နေတဲ့ အလုပ်တွေ အများကြီးတွေ့တယ်။ အခုချိန်ထိ ရှိသေးတယ်။ အခုချိန်ထိ ဖေ့စ်ဘွတ်ခ်က အလုပ်ခေါ်စာတွေမှာ ၁၇ သိန်းပေးမယ်တို့ ဘယ်နှသိန်းပေးမယ်တို့ Finding တို့ ခေါ်နေတာ တွေ့တယ်။ Finding က လိမ်ဖို့အတွက် လူရှာပေးရတာ။ ဘယ်လို လူကို ရှာမယ်ဆိုတာ သတ်မှတ်ထားတဲ့ စံနှုန်း ရှိတယ်။ အဲ့စံနှုန်းနဲ့ ကိုက်တဲ့သူကို ရှာရတာပေါ့။ အဲဒါ Finding ပေါ့။ အဲဒီမှာ သူတို့ စံနှုန်းနဲ့ ကိုက်တဲ့သူတွေ့ရင် တယ်လီဂရမ်ကို ဆွယ်ရတယ်။ တယ်လီဂရမ်ကို ရောက်ရင် Chatting လုပ်တဲ့သူက အဲဒီဘက်က လူတွေကို စကားပြောကြတာ”လို့ ပြောပါတယ်။

ငွေလိမ်လုပ်ငန်းတွေရဲ့ အလုပ်ခေါ်စာတွေမှာ မြန်မာနိုင်ငံသားတွေအတွက် Finding (သားကောင် ရှာတဲ့ အလုပ်)နဲ့ chatting (သားကောင်ကို လိမ်လည် ပြောဆိုရတဲ့ အလုပ်) တို့အတွက် တလကို ဝင်ငွေ ဘတ်တသောင်းခွဲ (မြန်မာငွေ ၁၅ သိန်းဝန်းကျင်) ကနေ ဘတ် ၃၀,၀၀၀ ကနေ  ၄၀,၀၀၀ အထိ ဝင်ငွေ ရမယ်ဆိုကာ ခေါ်ယူနေတာပါ။

တရုတ်အွန်လိုင်း ငွေလိမ်စင်တာတွေမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ထိုင်း၊ သီရိလင်္ကာ၊ အာဖရိက၊ အီသီယိုးပီးယား၊ ကင်ညာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့ နိုင်ငံပေါင်းစုံက လူကုန်ကူးခံရပြီး လက်ရှိအချိန်ထိ မလွတ်မြောက်သေးသူတွေ ရှိတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးသူတွေဆီက သိရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013