DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေ အတက်ဈေးကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၅၁ သိန်းနီးပါး မြင့်တက်လာ
DVB
·
May 20, 2024
ကမ္ဘာ့ရွှေ အတက်ဈေးကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၅၁ သိန်းနီးပါး မြင့်တက်လာ
Donate to DVB

ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်လာနေပြီး ပြည်တွင်း အခေါက်‌ရွှေဈေးလည်း ဒီနေ့ မေ ၂၀ ရက်မှာ တကျပ်သားကို ငွေကျပ် ၅၁ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ ရန်ကုန်ရွှေဈေးကွက်အတွင်းက သိရပါတယ်။

အကယ်ဒမီ မီးလင်း အခေါက်ရွှေဈေးက ဒီနေ့ ရန်ကုန် ပြင်ပရွှေဈေးကွက်မှာ တကျပ်သားကို ၅,၀၅၀,၀၀၀ ကျပ်နဲ့ ဈေးစဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းမှာ ကျပ် ၅,၁၀၀,၀၀၀ ဝန်းကျင်ထိ ဆက်တက်လာတာ ဖြစ်ပါတယ်။

လက်ရှိဈေးကွက်အတွင်းမှာ ရွှေအရောင်းအဝယ် အေးနေပေမဲ့ ကမ္ဘာ့ရွှေဈေးက တအောင်စကို ၂,၄၄၂ ဒေါ်လာကျော်အထိ မြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးကလည်း လိုက်ပါမြင့်တက်လာတာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရန်ကုန်မြို့က ရွှေဆိုင်ပိုင်ရှင်တဦးက “၁၆ ပဲရည် ရွှေဈေးက ၅၁ သိန်းလောက်ထိ ဖြစ်နေတာပေါ့။ အဓိက ကမ္ဘာ့ရွှေဈေးတက်လို့ တက်တာပါပဲ။ ကမ္ဘာ့ရွှေဈေးက တောက်လျှောက်တက်နေတယ်လေ။ ၂,၄၄၀ ကျော်ထိ တက်သွားတယ်။ အဲဒါကြောင့်ပါ။ ပြီးတော့ ဒေါ်လာဈေးကလည်း ၄,၀၀၀ ကျော်ဆိုတော့ ဈေးကလည်း တက်သွားတဲ့သဘောပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်ကတော့ ကမ္ဘာ့ရွှေဈေး တအောင်စကို အမေရိကန်ဒေါ်လာ ၂,၃၃၉ ဒေါ်လာသာ ရှိနေရာက ဒီကနေ့မှာတော့ ၂,၄၄၂ ဒေါ်လာကို ပြန်တက်လာတာ ဖြစ်ပါတယ်။

ပြင်ပဈေးကွက်မှာ အမေရိကန်ဒေါ်လာပေါက်ဈေးကလည်း တဒေါ်လာကို ၄,၀၅၀ အထိ စံချိန်တင် ပေါက်ဈေးဖြစ်ပေါ်နေတာကြောင့် ငွေလဲနှုန်းအရ ရွှေဈေးလည်း လိုက်ပါမြင့်တက်နေတာ ဖြစ်ပါတယ်။

အခုလို ပြည်တွင်းရွှေဈေး တကျပ်သားကို သိန်း ၅၀ ကျော်ထိ စံချိန်တင် ထိုးတက်နေတာကြောင့် ဈေးဆွဲတင်သူတွေကို အရေးယူမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အခု သိန်း ၅၀ ကျော်သွားတော့ ဖမ်းမယ်၊ ဆီးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာပေါ့နော်။ ဒါပေမဲ့ ရွှေဈေးက ကျနော့်အထင် ဒီဈေးတန်းမှာပဲ ဆက်ရှိနေမယ် ထင်တယ်။ သိပ်တော့ ပြန်ကျဖို့မရှိဘူး။”

လက်ရှိ ဈေးကွက်မှာ အဖမ်းအဆီးသတင်းတွေကြောင့် ရွှေအတုံး၊ အခဲ အရောင်းအဝယ် အနည်းငယ်သာရှိပြီး ဒေါ်လာဈေးနဲ့အတူ ရွှေဈေးကလည်း အတက်အကျ မငြိမ် ဖြစ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013