DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်မြို့နယ်ရှိ ကဇူးတပ်စခန်းကို KIA သိမ်းပိုက်၊ မင်းတုန်းနှင့် နွားထိုးကြီး၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ 
DVB
·
May 20, 2024
ဝိုင်းမော်မြို့နယ်ရှိ ကဇူးတပ်စခန်းကို KIA သိမ်းပိုက်၊ မင်းတုန်းနှင့် နွားထိုးကြီး၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ 
1 / 3
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကဇူးတပ်စခန်းကို မေ ၂၀ ရက် မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့  တော်လှန်ရေးပူးပေါင်းအဖွဲ့က အပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြစ်ကြီးနား၊ ဗန်းမော် ကားလမ်းမှာရှိတဲ့ ကဇူးကျေးရွာက စစ်ကောင်စီတပ်စခန်းက အပြင်းအထန် ကာကွယ်ပြီးနောက် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ တိုက်ခိုက်ပြီး အပြီးသတ် သိမ်းပိုက်ခဲ့တာပါ။

KIAနဲ့ နီးစပ်သူ ဒေသခံအမျိုးသားတဦးက“အပြီးသတ် သိမ်းလိုက်နိုင်တာကတော့ ည ၁ နာရီလောက်ကပဲ။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေ လေကြောင်းတွေ သုံးပြီး အပြင်းအထန်ကို ကာကွယ်တာ။ မနက်အစောကြီးကတော့ အဲဒီစခန်းကို KIA ဘက်က မီးရှို့ပစ်လိုက်တယ်” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

ကဇူးစခန်း တိုက်ခိုက်ခံနေရစဉ် ဝိုင်းမော်မြို့နယ် အခြေစိုက် ခလရ ၅၈ တပ်ရင်း၊ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့က လက်နက်ကြီးဖြင့် အဆက်မပြတ် ကာကွယ်ပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း အဆက်မပြတ် ပြုလုပ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ မေ ၁၈ ရက်က စတင်ပြီး ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်း ၈ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာလည်း မေ ၁၈ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေက စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂၂ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ Eagle Force ကနေ သိရပါတယ်။

မင်းတုန်းမြို့နယ်၊ ငကုန်းရွာကနေ ဖောကား ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၆၀ လောက်ကို မေ ၁၈ ရက် မနက် ၅ နာရီခွဲက ကျွန်ဘေနဲ့ ထိန်ကိုင်းကျေးရွာကြားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း ၄ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က DVB ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံးကာ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ အင်အား ၄၀ လောက်နဲ့ ခြေလျင် စစ်ကြောင်းထိုးလာလို့ နေ့လယ် ၁၂ နာရီလောက်က ကျွဲဒွန်ရွာနဲ့ သီးပင်ကုန်းရွာ လမ်းဆုံမှာ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင်တပ်ရင်း ၄၊ ကျောင်းသားလက်ရုံးတပ်တော်နဲ့ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို DVB က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ထန်းတောမကျေးရွာမှာလည်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို မေလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း (နွားထိုးကြီး) ဆီကနေ သိရပါတယ်။

မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း (နွားထိုးကြီး) ရဲ့ တာ၀န်ရှိသူတဦးက “ထန်းတောမရွာထဲမှာ ခွေးအင်အား ၄၀ လောက်နဲ့ တပ်စွဲထားကို သတင်းရလို့ ကျနော်တို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ”လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

မြေပြင်တိုက်ပွဲမှာပါ၀င်ခဲ့တဲ့ PDF ရဲဘော်တဦးက “ကျနော်တို့ဘက်က မြေပြင်၊ ဝေဟင်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်တော့ သူတို့ကလည်း ပြန်ပစ်တယ်။ အပြန်အလှန် ပစ်ခတ်မှုက ၁ နာရီနီးပါးလောက်ကြာတယ်”လို့  ပြောပြပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံ ခရိုင် တပ်ရင်း ၁၊ မြင်းခြံခရိုင် တပ်ရင်း ၂၊ မြင်းခြံခရိုင် တပ်ရင်း ၃၊ မြင်းခြံခရိုင် တပ်ရင်း ၈၊ မြင်းခြံမြို့နယ် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖ နဲ့ မလှိုင်မြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013