DVB Logo
Home
မြန်မာသတင်း
ရခိုင်သတင်းထောက် ကိုထက်အောင်ကို ပြန်လွှတ်ပေးရန် CPJ တောင်းဆို  
DVB
·
May 17, 2024
ရခိုင်သတင်းထောက် ကိုထက်အောင်ကို ပြန်လွှတ်ပေးရန် CPJ တောင်းဆို  
Donate to DVB

ဖမ်းဆီးခံထားရတဲ့ ရခိုင်သတင်းထောက် ကိုထက်အောင်အပေါ် အရေးယူထားတဲ့ စွဲချက်အားလုံးကို ပြန်ရုပ်သိမ်းပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ)က စစ်ကောင်စီကို  တောင်းဆိုလိုက်ပါတယ်။

သတင်းထောက်တွေကို ခြိမ်းခြောက်ပြီး ထောင်သွင်းအကျဉ်းချဖို့ အကြမ်းဖက်ပုဒ်မတပ် မဟုတ်မမှန် စွပ်စွဲမှုတွေကို ရပ်တန့်ဖို့လည်း  တောင်းဆိုလိုက်ပါတယ်။

ရခိုင်အခြေစိုက် Development Media Group သတင်းဌာနက သတင်းထောက် ကိုထက်အောင်ကို အသရေဖျက်မှု စွဲချက်အပြင် စစ်အုပ်စုက ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ အကြမ်းဖက်ပုဒ်မတွေတပ်ပြီး ထပ်မံစွဲချက်တင်ခဲ့တာလို့ ဆိုပါတယ်။

CPJ အဖွဲ့ရဲ့ အကြီးတန်း အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ်ရှောင် ခရစ္စပင်က “DMG သတင်းထောက် ကိုထက်အောင်ကို မြန်မာအာဏာပိုင်တွေအနေနဲ့  အသိတရားမဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ရပ်တန့်ပြီး ချက်ခြင်း လွှတ်ပေးရပါမယ်။ သတင်းထောက်တွေဟာ သတင်းပို့တဲ့ အလုပ်တွေကိုပဲ လုပ်တဲ့အတွက် အကြမ်းဖက် စွဲချက်တင်တာကို ရပ်တန့်ရပါမယ်” လို့ ပြောပါတယ်။

ကိုထက်အောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက် (သီတင်းကျွတ်လပြည့် နေ့) က စစ်တွေမြို့၊ ဝင်္ကပါကွင်းမှာ ပြုလုပ်တဲ့ ဆွမ်းတော်ကြီးလောင်းပွဲကို ဓာတ်ပုံသတင်းသွားယူနေချိန်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာပါ။

အဲဒီလို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ DMG ရုံးကို ရောက်ရှိလာကာ ညစောင့် ကိုစိုးဝင်းအောင်ကိုပါ ဖမ်းဆီးပြီးတော့ ရုံးအတွင်းက ကင်မရာ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းပြီး ရုံးကိုလည်း ချိတ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သူတို့နှစ်ယောက်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ၊ အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂ (က) တို့နဲ့ တရားစွဲဆိုထားပြီး အခုချိန်ထိ အမှုပြီးပြတ်နိုင်အောင် စစ်ဆေးတာတွေကို မပြုလုပ်နိုင်သေးဘူးလို့ သိရပါတယ်။

အဆိုပါ စွဲချက်အသစ်အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) အရ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တာကြောင့် စွဲချက်နှစ်ခုစလုံးကို အပြစ်ရှိ ကြောင်းတွေ့ရှိပါက ထောင်ဒဏ် ၁၂ နှစ်အထိ ကျခံရနိုင်ဖွယ်ရှိနေတာပါ။

ဒီမတိုင်ခင် ၂၀၂၁ ခုနှစ်တုန်းကလည်း စစ်ကောင်စီဟာ DMG သတင်းဌာနက ဒု-တာဝန်ခံ အယ်ဒီတာနဲ့ သတင်းထောက်တယောက်တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာတော့ DMG သတင်းဌာနက အယ်ဒီတာ ၂ ယောက်နဲ့ သတင်းထောက် ၂ ယောက် အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အခြေစိုက် သတင်းဌာနတွေနဲ့ သတင်းသမားတွေကို စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုမှုတွေ ဆက်တိုက်ရှိလာနေပြီး သတင်းလုပ်ငန်း လုပ်ကိုင်ရာမှာ မလုံခြုံမှုနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာပါ။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ ၂ဝ၂၄ အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အဆိုးဆုံး ၁၀ နိုင်ငံမှာ ဆက်လက်ပါဝင်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အဆင့် ၁၇၃ မှာ ရှိနေရာက ဒီနှစ်မှာတော့ ၂ ဆင့် ထပ်တက်လာကာ အဆင့် ၁၇၁ ကို ရောက်လာပေမဲ့ မြန်မာနိုင်ငံဟာ အီရီထရီးယား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ အီရန်၊ တာ့ခ်မင်နစ္စတန်၊ ဗီယက်နမ်၊ ဘာရိန်းနဲ့ တရုတ်နိုင်ငံတို့နဲ့အတူ ကမ္ဘာ့အဆိုးဆုံး ၁၀ နိုင်ငံမှာ ပါဝင်နေတာပါ။

ဒါ့အပြင် သတင်းစာလွတ်လပ်ခွင့် ဆုံးရှုံးမှုကလည်း မြန်မာနိုင်ငံမှာ အဆိုးဆုံးအခြေအနေ ရောက်နေပြီး သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံးဖြစ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

တရုတ်နိုင်ငံဟာ သတင်းသမားတွေ ဖမ်းဆီးမှု အများဆုံးနိုင်ငံလို့ဆိုပေမဲ့ ကိန်းဂဏန်း တွေအရကတော့ မြန်မာနိုင်ငံက သတင်းသမားတွေဖမ်းဆီးခံထားရမှုက အများဆုံးဖြစ် နေတာပါ။

source/ photo -CPJ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013