DVB Logo
Home
နိုင်ငံတကာ
တရုတ်-ရုရှား ပူးပေါင်းမှု ခေတ်သစ်ရောက်ပြီဟု ကြွေးကြော်
DVB
·
May 17, 2024
တရုတ်-ရုရှား ပူးပေါင်းမှု ခေတ်သစ်ရောက်ပြီဟု ကြွေးကြော်
Donate to DVB

အမေရိကန်ရဲ့ ပြိုင်ဘက်တွေထဲမှာ အားအကောင်းဆုံးဖြစ်တဲ့ တရုတ်နဲ့ ရုရှားအကြား မိတ်ဖက် “ခေတ်သစ်” ရောက်ပြီလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က မေ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၇၁ နှစ်စီရှိပြီဖြစ်တဲ့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံအပြီး ထုတ်ပြန်ခဲ့တဲ့ ခေတ်သစ် ပူးတွဲကြေညာချက်မှာ အမေရိကန်ကို လုံခြုံရေးကိစ္စ တော်တော်များများမှာ ကန့်ကွက်ထားပါတယ်။

ထိုင်ဝမ်ကနေ ယူကရိန်း၊ မြောက်ကိုရီးယားအထိ တူညီတဲ့ သဘောထားကို ဖော်ပြထားသလို ငြိမ်းချမ်းတဲ့ နျူးကလီးယား နည်းပညာနဲ့ ဘဏ္ဍရေး ပူးပေါင်းဆောင်ရွက်မှုတွေလည်း လုပ်သွားမယ်လို့ ဖော်ပြပါတယ်။

ရှီဟာ ပူတင်ကို မြို့တော် ပေကျင်း ပြည်သူ့မဟာခန်းမဆောင်ရှေ့မှာ ကောဇော်နီခင်း ကြိုခဲ့သလို တီယန်နန်မင်ရင်ပြင်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး တခမ်းတနား ဂုဏ်ပြုခဲ့ပါတယ်။

ယူကရိန်းကို ရုရှား ကျူးကျော်ကာစ ၂၀၂၂ ဖေဖော်ဝါရီတုန်းကလည်း ပူတင်ဟာ တရုတ်ကို လာခဲ့ဖူးပြီး အဲဒီတုန်းကလည်း နှစ်နိုင်ငံအကြား “အကန့်အသတ်မဲ့” ပူးပေါင်းမှုဆိုတာမျိုး ကြေညာခဲ့ဖူးပါတယ်။

ရာစုနှစ်တခုအတွင်း ကမ္ဘာမှာ မမြင်ဘူးသေးတဲ့ အပြောင်းအလဲမျိုး ဖြစ်အောင်လုပ်ဖို့ အခွင့်အရေး သူတို့နှစ်နိုင်ငံမှာ ရှိနေတယ်လို့ ရှီက ပူတင်ကို ပြောပါတယ်။

လေ့လာသူတွေကတော့ အမေရိကန်တဦးတည်း ဦးဆောင်နေတဲ့ ကမ္ဘာ့အစီအစဉ်ကို စိန်ခေါ်တာမျိုးကို ဆိုလိုတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

၁၉၉၁ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲကတည်းက အရှက်တကွဲ အနှိမ်ခံထားရတယ်ဆိုတဲ့ ခံစားချက်မျိုးရှိတဲ့ ရုရှားနဲ့ ဥရောပကိုလိုနီတွေရဲ့ လွှမ်းမိုးမှု ခံခဲ့ရဖူးတဲ့ တရုတ်တို့ဟာ အနောက်ကမ္ဘာကို ယိုယွင်းပျက်စီးနေတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပုံဖော်လေ့ရှိကြပါတယ်။

တရုတ်ဟာ နယ်ပယ်မျိုးစုံမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို စိန်ခေါ်နိုင်စွမ်း ရှိနေပါတယ်။ ဒါပေမဲ့ တရုတ်ဟာ စီးပွားရေးနှေးကွေးမှုဒဏ် ရင်ဆိုင်နေရသလို ယူကရိန်းကို ကျူးကျော်ပြီးခါမှ နေတိုးက ပိုပြီးချဲ့ထွင် ဝန်းရံလာတဲ့ရန်ကို ရုရှားရင်ဆိုင်နေရပါတယ်။

အမေရိကန်ကတော့ တရုတ်ကို အဓိက စီးပွားရေးပြိုင်ဘက်အဖြစ် သတ်မှတ်ထားပြီး ရုရှားကို အဓိကခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013