DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအင်အားစုအားလုံး ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်ကြရန် CDM ညီလာခံ တိုက်တွန်း
DVB
·
December 12, 2024
တော်လှန်ရေးအင်အားစုအားလုံး ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်ကြရန် CDM ညီလာခံ တိုက်တွန်း
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအပါအဝင် တော်လှန်ရေး အင်အားစုတွေအားလုံး စုစည်းတိုင်ပင်ဆွေးနွေးပြီး ခိုင်မာအားကောင်းတဲ့ နိုင်ငံရေး ဘုံသဘောတူညီချက်ကိုဖော်ထုတ်ဖို့၊ စည်းစည်းလုံးလုံးပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်ကြဖို့ ဒုတိယအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံက ဒီဇင်ဘာ ၁၁ ရက်မှာ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံကနေ မျက်မှောက်တော်လှန်ရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအခြေအနေတွေအပေါ်မူတည်ပြီး သဘောထား ၁၀ ချက်ကို  ထုတ်ပြန်ကြေညာလိုက်တာပါ။

ညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်ဖြစ်တဲ့ ကိုနောင်ချိုက “ဘုံသဘောတူညီချက်တွေက ရှိပြီးသားတွေ ရှိနေပါတယ်။ ဖက်ဒရယ်ပဋိညာဉ်၊ K3C+NUG, PRCF စသည်ဖြင့် ရှိနေတာပါ။ ဒါပေမယ့် ဒါတွေကိုပေါင်းစပ်နိုင်ဖို့တော့ အားနည်းနေသေးတာကို တွေ့ရပါတယ်။ ဒီနေရာမှာ မြောက်ပိုင်းညီနောင်တွေရဲ့ အခန်းကဏ္ဍကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်သလို တရုတ်ဖိအားနဲ့ ပတ်သက်ရင်လည်း အတူတူတုံ့ပြန်နိုင်ရေးက ဘုံသဘောတူညီချက်တွေ ဘယ်လောက် အတိုင်းအတာအထိ ရယူထားနိုင်ပြီလဲဆိုတာက အရေးကြီးတယ်လို့မြင်ပါတယ်။ စစ်ရေးအရ ပူးပေါင်းမှုတွေရှိပေမယ့် နိုင်ငံရေးအရ ကြိုတင်ညှိနှိုင်းသဘောတူညီမှုတွေ ဘုံသဘောတူညီချက်တွေရှိမှပဲ တော်လှန်ရေးက အမြန်ဆုံးအောင်မြင်နိုင်မှာပါ” လို့ ပြောပါတယ်။

ပြီးတော့ မြန်မာပြည်သူလူထုရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားမျှတမှုတို့ကို မျက်ကွယ်ပြုပြီး ရက်စက်ကြမ်းကြုတ်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့အပေါင်းအပါတွေနဲ့အတူ ရပ်တည်နေတဲ့၊ ကူညီပံ့ပိုးပေးနေတဲ့ ဘယ် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ဆန့်ကျင်တော်လှန် သွားမှာဖြစ်ပြီး အဲဒီလိုလုပ်နေတဲ့ ဘယ်နိုင်ငံကိုမဆို ပြင်းပြင်းထန်ထန် ရှုတ်ချတယ် လို့လည်း ထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်အားစုအားလုံးအနေနဲ့လည်း CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး နွေဦးတော်လှန်ရေးကာလကနေ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တိုင်းမှာ လက်တွေ့ကျကျ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး CDM နိုင်ငံ့ဝန်ထမ်းတွေကို ခိုင်မာအားကောင်းတဲ့ အကာအကွယ်နဲ့ ထိရောက်တဲ့ အကူအညီတွေပေးဖို့လည်း ညီလာခံက တိုက်တွန်းထားပါတယ်။

ကိုနောင်ချိုက “အသိအမှတ်ပြုမှုဆိုတဲ့နေရာမှာ တချို့စကားလုံးတွေ၊ တချို့စာသားတွေနဲ့တော့ ရှိနေခဲ့ပြီးပါပြီ။ ဒါပေမယ့် လက်တွေ့မှာတော့ အားနည်းနေတာကိုမြင်ရမှာပါ။ အထူးသဖြင့် အခုလို စိုးမိုးထိန်းချုပ်နယ်မြေတွေနဲ့ လွတ်မြောက်နယ်မြေတွေရှိလာတဲ့အခါမှာ တည်ဆောက်ရေး လုပ်ငန်းတွေမှာ CDM တွေနဲ့လက်တွေ့ကျကျ ညှိနိုင်းပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ CDM အင်အားဟာ အသုံးပြုရင် အသုံးပြုနိုင်သလောက် ထိရောက်နေပါသေးတယ်” လို့ ပြောပါတယ်။

CDM နိုင်ငံ့ဝန်ထမ်းတွေဟာ ဘယ်လို မတရားမှုမျိုးကိုမှ လက်မခံဘဲ တရားမျှတတဲ့၊ လူတိုင်းတန်းတူညီမျှတဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်းနိုင်ငံသစ်ကို ရည်မျှော်တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်တဲ့အလျောက် စနစ်သစ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို မမှိတ်မသုန်ဦးတည်ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

CDM နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့လည်း သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်(ဒေသ)အလိုက်၊ ကဏ္ဍအလိုက်စုစည်းမှုတွေကို ညီညီညွတ်ညွတ်ဖော်ဆောင်ပြီး လွတ်လပ်တဲ့ CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းကိုဖွဲ့စည်းနိုင်ရေးကြိုးပမ်းပြီး CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ အခွင့်အရေး၊ နစ်နာသူ CDM နိုင်ငံ့ဝန်ထမ်းတွေနဲ့ မိသားစုအားလုံးအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးနိုင်ရေးနဲ့ ရှင်သန်ရပ်တည်ဆက်လက်တိုက်ပွဲဝင်နိုင်ရေးအတွက် အရှိန်မြှင့် လုပ်ဆောင်သွားကြဖို့လည်း ညီလာခံက တိုက်တွန်းပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)က အရေးယူဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတာကို အပြည့်အဝထောက်ခံကြိုဆိုပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)နဲ့ ကမ္ဘာ့လွှမ်းခြုံတရားစီရင်ရေး) ကတဆင့် အကြမ်းဖက် စစ်ခေါင်းဆောင် အပါအဝင် အကြမ်းဖက်စစ်အုပ်စုတခုလုံးကို အရေးယူနိုင်ရေးအတွက် CDM နိုင်ငံ့ဝန်ထမ်း အင်အားစုတွေအနေနဲ့ တော်လှန်ရေးအဖွဲ့စည်းတွေ၊ နိုင်ငံတကာအင်အားစုတွေ၊ အစိုးရတွေနဲ့ လက်တွဲကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးကာလအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစု(EROs)တွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးက အမြန်ဆုံးအသိအမှတ်ပြုထိတွေ့ဆက်ဆံသွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ပြုသဝဏ်လွှာပို့ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ၊  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)ရဲ့ ကိုယ်စားလှယ်၊ သမ္မတရုံးနဲ့ ဝန်ကြီးချုပ်ရုံး၊ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်၊ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး၊ ကရင်အမျိုးသားအစည်းအရုံး ကာကွယ်ရေးဌာန တွဲဘက်အတွင်းရေးမှူး၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ကိုယ်စားလှယ်၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (MSFC) ကိုယ်စားလှယ်၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ကိုယ်စားလှယ်၊ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း ILO ရဲ့ ကိုယ်စားလှယ်တို့လည်း တက်ရောက်ပြီး ဂုဏ်ပြုစကားတွေ ပြောခဲ့ကြပါတယ်။

ပထမအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာကျင်းပခဲ့ပြီး ညီလာခံရလဒ်တွေကို အကောင်အထည်ဖော်ဖို့ ပထမအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ ကြားကာလအကောင်အထည်ဖော်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013