DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဒေသခံ ၃၀ ကျော်ကို ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် စစ်တပ် ဖမ်းဆီး
DVB
·
May 16, 2024
ဧရာဝတီတိုင်းတွင် ဒေသခံ ၃၀ ကျော်ကို ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် စစ်တပ် ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့်ကို ချိုးဖောက်တယ်ဆိုပြီး ပြီးခဲ့တဲ့ ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တလအတွင်း ဒေသခံ ၃၁ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး အမျိုးသား ၂၈ ယောက်နဲ့ အမျိုးသမီး ၃ ယောက်အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပြီး ကျိုက်လတ်၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ မြောင်းမြ၊ လပွတ္တာ၊ ပန်းတနော်၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဝါးခယ်မ၊ ကျုံပျော် စတဲ့ မြို့နယ်တွေက အများဆုံး ဖမ်းဆီးခံခဲ့ရတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ပြောပါတယ်။

“ကျိုက်လတ်မြို့နယ်က ကောင်လေးတယောက်ဆို စပါးတွေရိတ်သိမ်းပြီး အိမ်ကိုပြန်အိပ်ရင်း လမ်းမှာ စစ်ကောင်စီတပ်က ကင်းလှည့်လာတာနဲ့တိုးပြီး ဖမ်းတာ။ လယ်ယာလုပ်ပြီး ပြန်လာတာကို ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး ဖမ်းခဲ့တာ။ ပြီးခဲ့တဲ့တလအတွင်းမှာ အဖမ်းခံရသူ ၃၀ ကျော်က နယ်မြို့နယ်တွေများတယ်။”

အဖမ်းခံရသူတွေထဲမှာ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်း အရွယ်တွေ အများဆုံးဖြစ်ပြီး စစ်ကောင်စီတပ်က အဖမ်းခံရသူတွေကို ငွေတောင်းပြီး ပြန်လွှတ်ပေးဖို့ ညှိနှိုင်းတာတွေ လုပ်နေတယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေနဲ့ နီးစပ်တဲ့ တက်ကြွလှုပ်ရှားသူတယောက်က “PDF ဆိုသူတွေကို ဧရာဝတီတိုင်းမှာ တယောက်မှ ဖမ်းမိတာမရှိဘဲ နေ့တိုင်း ကင်းလှည့်စစ်ဆေးနေတာ။ ကင်းလှည့်လာတာနဲ့တိုးရင် အဲ့အကောင်တွေ ဘယ်သူဖြစ်ဖြစ် ဆွဲသွားတာ။ နောက်ပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ငွေညှစ်တာ။ ရိုက်နှက် စစ်ဆေးလို့ အသက်သေဆုံးရသူတွေလည်း ရှိလာတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ တလအတွင်း ဖမ်းဆီးခံရသူတွေ အများစုဟာ စက်ရုံအလုပ်သမားတွေ၊ ဆိုင်ကယ် ကယ်ရီသမားတွေ၊ လယ်သမားတွေ၊ စပါးအရောင်းအဝယ်လုပ်နေသူတွေ၊ မွေးမြူရေးလုပ်ငန်းရှင်တွေ အများဆုံးပါဝင်ခဲ့ပြီး အဲဒီ အဖမ်းခံရသူတွေကို ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်မထားသေးဘူးလို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

Photo - Myo Tu

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013