DVB Logo
Home
ဆောင်းပါး
အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် ဘယ်လောက် ထိန်းချုပ်ခံရနိုင်လဲ
DVB
·
May 14, 2024
အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် ဘယ်လောက် ထိန်းချုပ်ခံရနိုင်လဲ
Donate to DVB

စစ်ကောင်စီ အလုပ်သမားဝန်ကြီးက ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့် အမျိုးသား လုပ်သားတွေရဲ့ အလုပ်ခေါ်စာ (Demand Letter) တင်တာ ရပ်ထားဖို့ ပြောလိုက်တဲ့ နှုတ်ထွက်စကားက ပြည်များအကြား အတော်ကို ရိုက်ခတ်သွားခဲ့ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေလည်း လုပ်ငန်းတွေ ရှေ့ဆက်ဖို့ အကြပ်ရိုက်သွားသလို ပြည်ပကို ထွက်ဖို့ တာစူနေတဲ့ အလုပ်သမားတွေအဖို့ သို့လော၊ သို့လော ဖြစ်ကုန်ပါတယ်။

အဲဒီလို အမျိုးသားလုပ်သားတွေရဲ့ အလုပ်ခေါ်စာတင်တဲ့ လုပ်ငန်းစဥ်ကို ယာယီရပ်တာဖြစ်ပြီး ထွက်ခွာမှုကိစ္စတွေ ပိုမိုစိစစ်နိုင်ဖို့နဲ့ တခြားအကြောင်းတွေကြောင့် ဖြစ်တယ်ဆိုပြီး စစ်ကောင်စီဘက်က မတင်မကျ ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ဖြေလျှော့တဲ့အနေနဲ့ အသက်အကန့်အသတ်နဲ့ အမျိုးသားလုပ်သားတွေရဲ့ အလုပ်ခေါ်စာတင်တာကို ပြန်ခွင့်ပြုပေးမယ်ဆိုပြီးလည်း သတင်းစကားထပ်ပြီး ထွက်လာခဲ့ပါတယ်။

ဒါကလည်း မူလ သတင်းထွက်တဲ့အတိုင်း တရားဝင် ညွှန်ကြားစာနဲ့ အသိပေးတာမဟုတ်လို့ ရှင်းရှင်းလင်းလင်း ရှိမနေခဲ့ပါဘူး။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက “ယာယီရပ်မယ် ဆိုတုန်းကလည်း စာမထွက်ဘူး။ အခုက Demand Letter တင်တဲ့ အေဂျင်စီတွေကို မေးလ်ကနေ အကြောင်းပြန်ပေးတာအပေါ် မူတည်ပြီး အသက်အပိုင်းအခြားနဲ့ ပြန်ခွင့်ပြုပေးမယ်ဆိုပြီး သိရတာ”လို့ ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ နှုတ်အမိန့်၊ ညွှန်ကြားချက်တွေနဲ့ စေခိုင်းတာကြောင့် အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေကို ပြန်ရှင်းပြဖို့ အခက်ကြုံရတယ်လို့လည်း အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက ဆိုပါတယ်။

လက်ရှိမှာ အသက် ၂၃ နှစ်ကနေ ၃၁ နှစ်အထိ အမျိုးသားတွေကလွဲရင် ကျန်အသက်အပိုင်းအခြားတွေအတွက် အလုပ်ခေါ်စာ ပြန်ခွင့်ပြုပေးနေတဲ့သဘောမှာ ရှိနေတာလို့ သူတို့က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အခု အမျိုးသားတွေရဲ့ အလုပ်ခေါ်စာကို ကန့်သတ်ပြီး ပြည်ပထွက်ခွာခွင့် ထိန်းချုပ်ရတဲ့ တခုတည်းသောအကြောင်းက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမယ့် အခြေအနေကို ရှောင်တိမ်းကြမှာကို တားမြစ်လိုတာဖြစ်ပြီး ဒါကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြောဆိုတာမရှိပါဘူး။

အဲဒီလို လူငယ်တွေ စစ်မှုမထမ်းလိုတာကြောင့် ပြည်ပကို တိမ်းရှောင်ထွက်ခွာမယ့် အခြေအနေကို စိုးရိမ်ပြီး အလုပ်ခေါ်စာတင်တာကို ဖေဖော်ဝါရီ ၁၄ ရက်ကလည်း စိုးရိမ်တကြီး ပိတ်ခဲ့ဖူးပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး အသက်သွင်းလိုက်တာဖြစ်ပြီး လေးရက်အကြာမှာ အလုပ်ခေါ်စာတင်တဲ့ လုပ်ငန်းစဥ် ရပ်ခဲ့တာဖြစ်ပြီး နောက်တရက်မှာတော့ ပုံမှန်အတိုင်း ပြန်ဖွင့်ပေးလိုက်ပါတယ်။

အခုက ဒုတိယအကြိမ် ထိန်းချုပ်ကန့်သတ်မှုတွေ ရှိလာတာဖြစ်ပြီး ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်လို့ ရှင်းလင်းတဲ့ အမိန့်၊ ညွှန်ကြားချက်လည်း ရှိမနေခဲ့တာပါ။

အငြိမ်းစား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အရာရှိဟောင်းတဦးက  “သူတို့(စစ်ကောင်စီ)အနေနဲ့ အပြီးပိတ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ စမ်းတဝါးဝါးနဲ့ နည်းလမ်းရှာနေတဲ့ အခြေအနေလို့ မြင်တယ်။ ပြည်ပလုပ်သားတွေဆီက ရမယ့်ဝင်ငွေကိုလည်း မက်မောနေသေးတာလေ” လို့ မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီအနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဒါမှမဟုတ် ပြည်ပကို အခုမှထွက်မယ့်သူတွေကို သွားရောက်လုပ်ကိုင်နိုင်မယ့်နှစ် သတ်မှတ်ချက်ပြည့်ရင် ပြန်လာခိုင်းပြီး စစ်မှုထမ်းခိုင်းတာမျိုး ချုပ်ကိုင်မှုတွေ လုပ်လာနိုင်တယ်လို့လည်း အလုပ်သမားအရေး စောင့်ကြည့်သူတွေကြားထဲ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ ပြည်ပသွားရောက်လုပ်ကိုင်မှုဟာ ကိုဗစ်ကပ်ရောဂါ ဝင်ရောက်ပြီး ၂၀၂၀ မတ်လကတည်းက ရပ်နားခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု ဖြစ်ရပ်တွေကြောင့် ပြည်ပသွားရောက်လုပ်ကိုင်မှု ရပ်နားခဲ့တာဟာ ၃ နှစ်နီးကြာမြင့်ခဲ့ပြီး ၂၀၂၂ နှစ်လယ်ပိုင်းလောက်ကမှ တဖြည်းဖြည်း ပြန်လည်ထွက်ခွာခွင့် ရရှိခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း စီးပွားရေးကျပ်တည်းမှု၊ စစ်အာဏာသိမ်းကာလမှာ အထွေထွေကျပ်တည်းမှုနဲ့ အဆင်မပြေမှုတွေကြောင့် ပြန်ပထွက်ခွာခွင့် ပြန်လည်ရရှိချိန်ကစလို့ ထွက်ခွာလိုသူတွေ စုပုံများပြားခဲ့ပါတယ်။

“နိုင်ငံခြားထွက်ချင်လို့ ဆိုတဲ့သူတွေက ပုံမှန်အချိန်ကထက် အဆပေါင်း အများကြီး တိုးလာတယ်။ တဖက်နိုင်ငံတွေက အလုပ်သမားခေါ်ယူမှုကတော့ သိပ်ကြီးတိုးလာတာမရှိတော့ မမျှဘူးလေ”လို့ အေဂျင်စီကိုယ်စားလှယ်တဦးက ပြောပါတယ်။

စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ပြည်ပ အလုပ်သမား ပြန်ပို့ခွင့်ရချိန်က စလို့ တလကို သွားရောက်လုပ်ကိုင်သူ ဦးရေဟာ တ​သောင်းကနေ တသောင်းခွဲကြား ရှိတယ်လို့ ဆိုပါတယ်။

နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၂၃ဧပြီကနေ ၂၀၂၄မတ်လအထိ ပြည်ပသွားရောက်လုပ်ကိုင်သူ နှစ်သိန်းနီးပါးရှိတယ်လို့ဆိုပါတယ်။

အဲဒီလို သွားရောက်လုပ်ကိုင်သူ ဦးရေဟာ လအလိုက် တဖြည်းဖြည်း တိုးမြင့်လာခဲ့ပြီး ဒီနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတို့မှာဆိုရင် ဦးရေ နှစ်သောင်းနီးပါးစီအထိ တိုးမြင့်သွားရောက် လုပ်ကိုင်တာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

အဲဒီစာရင်းအရဆိုရင် စစ်မှုထမ်းဥပဒေ အသက်ဝင်တဲ့ ဖေဖော်ဝါရီနဲ့ မတ်လတို့မှာ ပြည်ပထွက်ခွာမှု တိုးလာတာဖြစ်လို့ စစ်ကောင်စီက ဒါကိုမြင်ပြီး အရေးပေါ်ကန့်သတ် ထိန်းချုပ်ဖို့ ကြိုးစားလာတာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီအနေနဲ့ ​စစ်မှုထမ်းဦးရေ လျော့နည်းမှာစိုးလို့ ထိန်းချုပ်ဖို့ လုပ်နေသလို တဖက်ကလည်း ပြည်ပလုပ်သားတွေဆီက ပြန်ရမယ့် နိုင်ငံခြားဝင်ငွေကိုလည်း စွန့်လွှတ်ဖို့ ခက်ခဲနိုင်ပါတယ်။

နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားနေတဲ့ စစ်ကောင်စီအနေနဲ့ ပြည်ပရောက် လုပ်သားတွေကို ဝင်ငွေရဲ့ နှစ် ရာခိုင်နှုန်း ကောက်ယူနေသလို အလုပ်သမားတွေကို လစဥ်မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နှုန်း လွှဲပို့ဖို့ ဖိအားပေးမှုတွေလည်း အစဥ်တစိုက် လုပ်ဆောင်နေပါတယ်။

ဒါကြောင့် ပြည်ပထွက်သူများပြီး အကျပ်ကိုင်တဲ့အတိုင်း လိုက်နာသူ များသလောက် စစ်ကောင်စီအတွက် နိုင်ငံခြားငွေရပေါက် တိုးမှာဖြစ်သလို တဖက်မှာလည်း စစ်မှုထမ်းမယ့်အင်အား မဆုံးရူံးဖို့ ပြင်ဆင်အဖြေရှာလာဖို့ရှိတယ်လို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။

အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန အငြိမ်းစားအရာရှိက“ဘယ်လို ကန့်သတ်ချုပ်ကိုင်မလဲ ဆိုတာ တိကျတဲ့ ညွှန်ကြားချက်တွေ ထွက်လာမှပဲ သိနိုင်မယ်။ စစ်မှုပြန်ထမ်းပါမယ်ဆိုတဲ့ ခံဝန်နဲ့ လွှတ်တာမျိုးလည်း ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို အမျိုးသားတွေ ပြည်ပထွက်ခွင့်အပေါ် မူဝါဒ ထိန်းညှိနေချိန်မှာ မြန်မာပြည်တွင်းက ထွက်ခွာဖို့ စိုင်းပြင်းနေသူတွေကလည်း နည်းလမ်းရှာနေမှာ ဖြစ်ပါတယ်။

တရားဝင် ​ပြည်ပသွားရောက်ခွင့် မရသူတွေအတွက် ရွေးချယ်ရာ နည်းလမ်းက တရားမဝင်ထွက်ဖို့က အနီးစပ်ဆုံး အဖြေတခု ဖြစ်လာနိုင်တယ်လို့ ကိုယ်တိုင်တွေးဆနေသူတဦးက ဆိုပါတယ်။

“စစ်မှုတော့ မထမ်းဘူး။ ပေးမထွက်ရင် ခိုးထွက်မယ်”လို့ အသက် ၂၆ နှစ်အရွယ် ပြည်ပ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေသူက ပြောပါတယ်။

မင်းမခ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013