DVB Logo
Home
နိုင်ငံတကာ
မဏိပူရရောက် မြန်မာ ၅,၈၀၀ ကျော်ကို နေရပ်ပြန်ပို့မည်ဟု ပြည်နယ်ဝန်ကြီးချုပ် ပြော
DVB
·
May 13, 2024
မဏိပူရရောက် မြန်မာ ၅,၈၀၀ ကျော်ကို နေရပ်ပြန်ပို့မည်ဟု ပြည်နယ်ဝန်ကြီးချုပ် ပြော
Donate to DVB

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ မဏိပူရပြည်နယ်မှာ မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက်ခိုလှုံနေတဲ့ တရားမဝင်နေထိုင်သူ ၅,၈၀၀ ကျော်ကို နေရပ်ပြန်ပို့မယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အန် ဘီရန်ဆင်းက ပြောတဲ့အကြောင်း အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။

မြို့တော် အင်ဖာရ်မှာ မေ ၁၂ ရက် မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် အိန္ဒိယနိုင်ငံဘက်ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅,၈၀၀ ကျော် ဝင်ရောက်ခဲ့ကာ သူတို့ဟာ ကမ်ဂျုံးခရိုင်က ရွာ ၈ ရွာမှာ ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။

သူတို့ထဲက ၁၅ ယောက်ကတော့ သဘာဝဘေးအန္တရာယ်တွေကြောင့် သေဆုံးခဲ့ပြီး ၃၅၉ ယောက်ကတော့ မြန်မာနိုင်ငံကို ပြန်သွားပါပြီလို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက ဌာနေတိုင်းရင်းသားလူမျိုးတွေကို အကာအကွယ်ပေးတာက သူ့ရဲ့အစိုးရအတွက် အရေးကြီးတယ်လို့လည်း ပြောကြားခဲ့ကာ ပြည်နယ်ထဲကို ဝင်ရောက်လာတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ အားလုံးကို တရားဥပဒေနဲ့အညီ သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့မယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကြိုတင်မျှော်လင့်မထားဘဲ ရုတ်တရက် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကြောင့် ပြည်နယ်ထဲက ရွာသစ် ၉၉၆ ရွာလောက်ဟာ ဖြတ်တောက်ခံရတယ်လို့ ရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ဝန်ကြီးချုပ်က ပြောပါတယ်။

“သူတို့ (တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေ) ကို သတ်မှတ်ထားတဲ့ စခန်းတွေမှာ  ဒေသခံတွေနဲ့ မရောနှောစေဖို့ ဝေးဝေးမှာ တည်ရှိနေပါတယ်။”

ဒါ့အပြင် ကျေးရွာဒေသခံကော်မတီအနေနဲ့ သတ်မှတ်စခန်းတွေမှာ နေရာထိုင်ခင်းနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကို စီမံခန့်ခွဲနေပြီး ခရိုင်အုပ်ချုပ်ရေးမှူးက သူတို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ပံ့ပိုးပေးနေတဲ့အပြင် ရွှေ့ပြောင်းနေထိုင်သူတွေကို အုပ်ချုပ်ရေးပိုင်းကနေ သက်သေခံကတ်ပြား ထုတ်ပေးနေပြီး ဦးရေစာရင်းကို နေ့စဥ်ပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။

“သူတို့ထဲက အများစုက သီးနှံစိုက်ပျိုးရာသီအမီ မြန်မာနိုင်ငံကို ပြန်ချင်ကြပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ချီတုံချတုံ ဖြစ်နေကြပါတယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့တာကို ရပ်တန့်ဖို့အတွက် အိန္ဒိယနိုင်ငံကို တိုက်တွန်းခဲ့တဲ့ ဂျီနီဗာအခြေစိုက် ICJ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ရဲ့ တောင်းဆိုချက်ကို ပြည်နယ်ဝန်ကြီးချုပ်က ပယ်ချခဲ့သလို ဒီအဖွဲ့အစည်းက မဏိပူရမှာရှိတဲ့ မြေပြင်အမှန်တရားကို ရှင်းရှင်းလင်းလင်း နားလည်မှုမရှိဘူးလို့ တုံ့ပြန်ပြောထားပါတယ်။

ဌာနေတိုင်းရင်းသား အသိုက်အဝန်းတွေကို ကာကွယ်စောင့်ရှောက်ရေးဟာ ဗဟိုနဲ့ ပြည်နယ်အစိုးရ နှစ်ရပ်စလုံးရဲ့ ဦးစားပေးဖြစ်တယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

“ပုံမှန်အခြေအနေတွေအောက်မှာ ကျနော်တို့အနေနဲ့ တရားမဝင် လူဝင်မှုကြီးကြပ်ရေးနဲ့ ဆက်ဆံတာ မဟုတ်ဘူး။ မဏိပူရပြည်နယ်ရဲ့ လူဦးရေ၊ သမိုင်းနဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အထောက်အထားတွေကို ခြိမ်းခြောက်ခံနေရတာပါ။ ကံမကောင်းစွာနဲ့ပဲ ဒီလို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်းတွေက ပြည်နယ်တွေမှာ ရန်လိုမှုတွေ၊ သဘောထားကွဲလွဲမှုတွေ ပိုပြီးတော့ ဖန်တီးဖို့ ကြိုးစားနေတဲ့ တချို့သော အဖွဲ့တွေနဲ့ နီးနီးကပ်ကပ် ပတ်သက်နေကြတာတွေကို တွေ့ရပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေက ပြည်သူနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေပါတယ်။ ဒါက အမျိုးသားလုံခြုံရေးကိစ္စပါ။”

ဒါ့အပြင် ခရိုင်အတွင်း လုံခြုံရေးတပ်ဖြန့်မှု အားကောင်းစေဖို့အပြင် အုပ်ချုပ်ရေးအဖွဲ့က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဇီဝမှတ်တမ်း အချက်အလက်တွေကို ကောက်ယူဖို့ စတင်နေပါတယ်။

Source: Indian Express/DH DECCAN HERALD

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013