DVB Logo
Home
မြန်မာသတင်း
ကူတော်ရဲစခန်းတိုက်ခိုက်ခံရ၊ ကျိုက်ထိုက နယ်ထိန်းနှင့် အမျိုးသား ၁ ဦးကို စစ်တပ်ဖမ်းဆီး
DVB
·
May 11, 2024
ကူတော်ရဲစခန်းတိုက်ခိုက်ခံရ၊ ကျိုက်ထိုက နယ်ထိန်းနှင့် အမျိုးသား ၁ ဦးကို စစ်တပ်ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်း မေ ၉ ရက်က တိုက်ခိုက်ခံခဲ့ရပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာတော့ ရဲနယ်ထိန်းတယောက်နဲ့ အမျိုးသားတယောက်ကို PDF တွေနဲ့ ပတ်သက်တယ်လို့ဆိုပြီး စစ်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကူတော်ရဲစခန်းမှာ စစ်သားနဲ့ ရဲအင်အား ၁၃၀ လောက်ရှိပြီး မေ ၉ ရက် နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်‌ရေးတပ်ဆီက သိရပါတယ်။

ဘုတလင် ဒေါင်းမာန်အဖွဲ့ခေါင်း‌ဆောင်က “မနေ့ကလည်း ဒရုန်းနဲ့ ဗုံးသီးချတယ်။ ဒီနေ့လည်း ဒရုန်းနဲ့ ဗုံးသီး ၅ လုံး ချခဲ့တယ်။ စကစဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတော့ရှိတယ်” လို့ ဆိုပါတယ်။

အဝေးထိန်း ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်နိုင်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု  မရှိဘဲ စစ်တပ်က အကျဆုံးကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ဘုတလင် ဒေါင်းမာန်အဖွဲ့၊ နင်ဂျာအဖွဲ့၊ ဂဠုန်တပ်တော်အဖွဲ့တို့  ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ နယ်ထိန်းတဦးနဲ့ အမျိုးသားတဦးကို PDF တွေနဲ့ ပတ်သက်လို့ဆိုပြီး စစ်တပ်က လာရောက်ဖမ်းဆီးသွားကြောင်း ရဲစခန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်း ဝဏ္ဏကျော်ကို PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး မေ ၆ ရက် ညနေ ၅ နာ‌ရီလောက်က ကျိုက်ထိုမြို့မရဲစခန်းဝန်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ပထမ အဖမ်းခံရတဲ့ နယ်ထိန်း စိုးရာဇာအဆက်နဲ့ ထပ်ဖမ်းသွားတာပါ။ ကြားတာကတော့ စိုးရာဇာကိုစစ်ပြီး PDF နဲ့ပေါင်းတဲ့ ကျန်ရဲတွေပါ ဖော်ခိုင်းတာ။ အခု ရဲ ၃ ယောက်လုံးကို စစ်နေတုန်းပဲ။ အခြေအနေက ဘာမှပြောလို့မရသေးဘူး။ ရဲစခန်းတဝန်းလုံးက ထပ်ပြီး ဖမ်းခံရမှာ ကြောက်နေကြတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၅ ရက်ကလည်း ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်း စိုးရာဇာနဲ့ ယာဉ်ထိန်းတပ်ကြပ်ကြီး အောင်နိုင်ဦးတို့ကို ရဲစခန်းဝန်းအတွင်းမှာပဲ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ စစ်ဆေးနေပါတယ်။

ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာမှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုဖြူနိုင်ကိုလည်း PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး မေ ၈ ရက်မှာ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုက္ခမူရွာခံတယောက်က “သူက ကော့ထင်းမှာ အိမ်ထောင်ကျပြီး ကော့ထင်းအုပ်ကြီး ပစ်ခတ်ခံရတဲ့ အိမ်နားမှာပဲနေတာ။ ကော့ထင်းအုပ်ကြီး ပစ်ခတ်ခံရတာ ပါဝင်တယ်ဆိုပြီးရော၊ PDF တွေနဲ့ ပတ်သက်တယ် ဆိုပြီးတော့ပါ လာဖမ်းတာ။ အခုလာဖမ်းတာက သူ အိမ်ထောင်မကျခင်ကနေတဲ့ မုက္ခမူမှာ လာဖမ်းတာ။ ပထမ သူ့ကိုမတွေ့လို့ သူ့‌ယောက်ဖကိုဖမ်းပြီး ကားပေါ်တင်နေပြီ။ သူက သူ့ယောက်ဖကို လွှတ်ခိုင်းပြီး သူကိုယ်တိုင် အဖမ်းခံလိုက်တာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ နယ်ထိန်းနဲ့ ကိုဖြူနိုင်တို့ကို တပ်မ ၄၄ စစ်ကြောရေးမှာ စစ်ဆေးနေပြီး စစ်ဆေးပြီးပါက ပထမဖမ်းဆီးခံရတဲ့ နယ်ထိန်းနဲ့ ယာဉ်ထိန်းတပ်ကြပ်ကြီးတို့ပါ အပါ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ တရားစွဲဆိုသွားဖို့ ရှိတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကျိုက်ထိုမြို့မှာ စစ်ကောင်စီနဲ့တော်လှန်ရေးအဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး မြို့တွင်းမှာလည်း စစ်ကောင်စီဒေါက်တိုင်တွေ မကြာခဏ အသတ်ခံနေရသလို ဒေသခံတွေလည်း မကြာခဏ ဖမ်းဆီးခံနေရပြီး ဆိုင်ကယ်နှစ်ယောက်စီးခွင့်လည်း ပိတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013