DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် ၇ ဖွဲ့က နိုင်ငံရေးရည်မှန်းချက်များ ဆွေးနွေးပြီး လုပ်ငန်းကော်မတီ ၆ ခုဖွဲ့စည်း
DVB
·
May 10, 2024
အပစ်ရပ် ၇ ဖွဲ့က နိုင်ငံရေးရည်မှန်းချက်များ ဆွေးနွေးပြီး လုပ်ငန်းကော်မတီ ၆ ခုဖွဲ့စည်း
Donate to DVB

အပစ်ရပ် ၇ ဖွဲ့ရဲ့ ၂ ရက်တာဆွေးနွေးမှုမှာ လုပ်ငန်းကော်မတီ ၆ ခုနဲ့ ရှေ့ဆက်သွားမယ့် နိုင်ငံရေးရည်မှန်းချက်တွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအားလုံး ပါဝင်ပြီး မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို PPST အနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ အခက်အခဲရှိလာချိန်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးနေတဲ့ အပစ်ရပ် ၇ ဖွဲ့က စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းကာ ဆက်လက်ဆွေးနွေးဖို့ ဆောင်ရွက်ခဲ့တာပါ။

အဲဒီအပစ်ရပ် ၇ ဖွဲ့ရဲ့ ပထမဆုံးအကြိမ် ဦးဆောင်အဖွဲ့ အစည်းအဝေးကို မေ ၇ ရက်ကနေ ၈ ရက်အထိ ၂ ရက်တာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပြီး အနာဂတ်မှာ ဆက်သွားမယ့် ရည်မှန်းချက်၊ မျှော်မှန်းချက်တွေနဲ့ လုပ်ငန်းကော်မတီ ၆ ခုကို ဖွဲ့စည်းခဲ့ပြီး အဲဒီကော်မတီက ဆောင်ရွက်မယ့် ဗျူဟာတွေကို အတည်ပြု ချမှတ်နိုင်ခဲ့တယ်လို့ အပစ်ရပ် ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

အဲဒီလုပ်ငန်းကော်မတီတွေကတော့ နိုင်ငံရေးဆွေးနွေးမှုကော်မတီ၊ နိုင်ငံတကာရေးရာကော်မတီ၊ လုံခြုံရေးပြင်ဆင်မှုကော်မတီ၊ လူသားချင်းစာနာ အကူအညီပေးရေးကော်မတီ၊ ရန်ပုံငွေရှာဖွေရေးကော်မတီနဲ့ အမျိုးသမီးရေးရာ ကော်မတီတွေ ဖြစ်ပြီး အဲဒီကော်မတီမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် အချိုးကျစီ ပါဝင်ကြမှာပါ။

အခုအသစ်ထပ်ဖွဲ့လိုက်တဲ့ အပစ်ရပ် ၇ ဖွဲ့ အမြင့်ဆုံးအဆင့်မှာ ညီလာခံရှိမှာဖြစ်ပြီး အဲဒီအောက်မှာ ဦးဆောင်ကော်မတီ အတွင်းရေးမှူးအဖွဲ့နဲ့ အခုအသစ်ဖွဲ့လိုက်တဲ့ လုပ်ငန်းကော်မတီတွေ ရှိမှာဖြစ်ပါတယ်။

အခုစုဖွဲ့မှုအသစ်ဟာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း NCA စာချုပ် အကောင်ထည်ဖော်မှုတွေ ရပ်တန့်သွားခဲ့ပြီး အပစ်ရပ်ထားတဲ့ အဖွဲ့အားလုံးလည်း အတူတူဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိလာချိန်မှာ ဆက်လက်ဆွေးနွေးနိုင်ရေးအတွက် အခုလို စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းလိုက်တာလို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ တစုတဖွဲ့တည်းက ဆောင်ရွက်တာ မဖြစ်သင့်ဘဲ အားလုံးပါဝင်ဆောင်ရွက်ဖို့ လိုသလို လက်ရှိဖြစ်နေတဲ့ အကျပ်အတည်းကို မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ လိုက်လျောညီထွေမှုရှိတဲ့ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး ပစ်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားတပ်မတော် (KNU/KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိူးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က လက်မှတ်ရေးထိုးခဲ့တာပါ။

အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးမှု မလုပ်တော့ဘဲ ကျန် ၇ ဖွဲ့ကတော့ ဆက်လက်ဆွေးနွေးခဲ့ပြီး အပစ်ရပ် ၇ ဖွဲ့ စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013