
အစ္စရေးကို စစ်လက်နက်ပစ္စည်း ခဲယမ်းတွေပေးပို့မှုကို ဆိုင်းငံ့ထားဖို့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ဟာ ရာဖာမြို့မှာ ထိုးစစ်ဆင်မယ့် အစ္စရေးရဲ့ အစီအစဉ်နဲ့စပ်လျဉ်းကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင်က မေလ ၈ ရက်က ပြောပါတယ်။
ရာဖာစစ်ဆင်ရေးမှာ အရပ်သားတွေအတွက် ကာကွယ်မှုအသစ်တွေ မရှိရင် ဝါရှင်တန်က သဘောမတူကြောင်းလည်း ဆိုပါတယ်။
အစ္စရေးဟာ အဲဒီတိုက်ပွဲနေရာမှာ ရှိနေတဲ့ အရပ်သားတွေကို ထည့်တွက်ပေးတာနဲ့ အကာအကွယ်ပေးမှုတွေ မလုပ်ပေးဘဲနဲ့ ရာဖာမြို့မှာ အကြီးစား တိုက်ခိုက်မှုကို မလုပ်ဆောင်သင့်ကြောင်း အထက်လွှတ်တော် လုပ်ပိုင်ခွင့်ဆိုင်ရာ ကော်မတီရှေ့မှောက်က သက်သေခံချက်မှာ အော်စတင်က ပြောကြားခဲ့ပါတယ်။
အခြေအနေကို အကဲခတ်နေပြီး လက်နက်ကြီးယာဉ်နဲ့ ခဲယမ်းတွေ တင်ပို့မှုကို ခဏရပ်ထားကြောင်းနဲ့ ရာဖာမှာ ကြီးကြီးမားမား တိုက်ပွဲတွေ မဖြစ်စေချင်ပေမဲ့ အစ္စရေးက အရပ်သားတွေကို တာဝန်ယူ စောင့်ရှောက်ပေးတဲ့အဆင့်တွေကို မြင်တွေ့လိုကြောင်းလည်း သူကဆိုပါတယ်။
ဒါ့အပြင် အခုဆိုင်းငံ့လိုက်တဲ့ တင်ပို့မှုကို ဘယ်သူက ရှေ့ဆက်လုပ်ဆောင်သွားမယ်ဆိုတဲ့ နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးကြောင်းနဲ့ ဒါဟာ မကြာသေးခင်က အတည်ပြုထားတဲ့ ထပ်လောင်းလျာထားချက်တွေနဲ့လည်း မသက်ဆိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ဂါဇာကမ်းမြောင်ရဲ့ လူစည်ကားတဲ့ တောင်ပိုင်းမြို့ ရာဖာရှိ အစွန်အဖျားတွေမှာ ဟားမတ်စ်တို့က အစ္စရေးတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ကိုင်ရိုမှာ ဆွေးနွေးပွဲတွေ ပြန်လည် စတင်နေတာနဲ့ အတူ ပြန်လည်ပြင်ဆင်ထားတဲ့ ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ဟာ သောင်မတင်ရေမကျ ဖြစ်နေတဲ့ စေ့စပ်ညှိနှိုင်းရေးတွေမှာ တိုးတက်အောင်မြင်မှုရအောင် ဦးဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်က ပြောပါတယ်။
အစ္စရေး တင့်ကားတွေဟာ အင်္ဂါနေ့က ဂါဇာနဲ့ အီဂျစ်ကြားရှိ ရာဖာနယ်စပ်ကို ဖြတ်ကျော်ပြီး အရေးပါတဲ့ အကူအညီတွေ ပေးပို့ရာလမ်းကြောင်းနဲ့ ဒဏ်ရာရလူနာတွေကို ဘေးလွတ်ရာ သယ်ထုတ်ရွှေ့ပြောင်းရာမှ တခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ နေရာကို ဖြတ်တောက် ပိတ်ဆို့ခဲ့ပါတယ်။
ယီမင်နိုင်ငံထဲက အီရန်နဲ့ မိတ်ဖက်ဖြစ်တဲ့ ဟူသီသူပုန်တွေက အေဒင်ပင်လယ်ကွေ့ထဲမှာ အစ္စရေးသင်္ဘောတွေ ဖြစ်တဲ့ MSC ဒေဂိုနဲ့ MSC ဂျီနာ သင်္ဘော ၂ စီးကို ပဲ့ထိန်းဒုံးကျည်တွေ ဒရုန်းယာဉ်တွေ သုံးပြီး ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဟူသီအုပ်စုရဲ့ စစ်ဘက် ပြောခွင့်ရ ယာယာစာရီယာက မေ ၉ ရက် ရုပ်သံမိန့်ခွန်းမှာပြောပါတယ်။
ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် ပစ်မှတ်တွေ အတိအကျ ထိမှန်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ဒုံးကျည်တပ်ဟာ MSC ဗစ်တိုးရီးယား သင်္ဘောကိုလည်း အိန္ဒိယ သမုဒ္ဒရာထဲမှာရော အေဒင်ပင်လယ်ကွေ့ထဲမှာပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး တိုက်ရိုက်ထိမှန်ခဲ့တယ်လို့ စာရီးယားကဆက်ပြောပါတယ်။
ဂါဇာကမ်းမြောင် အခြေအနေကို ယီမင်ဟူသီ လက်နက်ကိုင်တပ်တွေက နီးနီးကပ်ကပ် လေ့လာနေပြီး ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံမယ့် စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
ဂျာမနီနိုင်ငံမှာတော့ ဘာလင်မြို့တော်ခန်းမဟာ ညပိုင်းမှာ မီးရှို့ဖို့ကြိုးပမ်းမှုကြောင့် အနည်းငယ် ပျက်စီးသွားခဲ့ပြီး အဆောက်အဦရဲ့ ရှေ့မျက်နှာပိုင်းမှာလည်း ဂါဇာကို ထောက်ခံကြောင်း ဖော်ပြထားတဲ့ ဂရပ်ဖစ်တီ ကို ချန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က မေ ၉ ရက်မှာ ပြောပါတယ်။
အဆောက်အဦတဝိုက်က နံရံတခွင်မှာ "ဂါဇာမီးလောင်ရင် ဘာလင်လည်း မီးလောင်မယ်"၊ "ဂါဇာ လွတ်မြောက်ပါစေ၊ လူသတ်မှုတွေ အဆုံးသတ်ပါစေ" ဆိုတဲ့ စကားလုံးတွေကို ဂရပ်ဖစ်တီ ဖြန်းဆေးနဲ့ ခြယ်ထားပါတယ်။
ဘာလင်ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ မျက်မြင်သက်သေတဦးဟာ မြို့တော်ခန်းမအောက်ထပ်ရှိ အခန်းတခန်းမှာ မီးလောင်ကျွမ်းနေတာကို သတိပြုမိပြီးနောက် အခင်းဖြစ်ပွားရာနေရာကနေ လူ ၂ ဦး ထွက်ပြေးသွားတာကို မြင်တွေ့ခဲ့ရတယ် လို့ ဆိုပါတယ်။
မီးလောင်မှုကို သက်ဆိုင်ရာက ငြှိမ်းသတ်နိုင်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရပါတယ်။ ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ်ပဋိပက္ခတွေ ဆက်ဖြစ်နေတာကြောင့် လတ်တလောလတွေအတွင်း ဂျာမနီမှာ ပါလက်စတိုင်းဘက်က လိုလားထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို မြင်တွေ့ခဲ့ရပါတယ်။
မေလ ၇ ရက်က ဘာလင်မြို့ရှိ တက္ကသိုလ်တခုထဲမှာ သပိတ်စခန်းဖွင့်ခဲ့ပြီး ရာနဲ့ချီတဲ့ ပါလက်စတိုင်းလိုလားသူ ဆန္ဒပြသမားတွေကို ရဲက ရှင်းလင်းခဲ့ပါတယ်။
အလားတူ ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေနဲ့ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုတွေကို ဥရောပနဲ့ အမေရိကန်က ကျောင်းဝင်းတွေမှာ မြင်တွေ့နေရဆဲဖြစ်ပါတယ်။
Source/Photo - Reuters