DVB Logo
Home
မြန်မာသတင်း
ရွှေတောင်မြို့နယ်၌ စစ်တပ်နှင့် သစ်တောဌာနပေါင်းပြီး ကျွန်းသစ်များ ခိုးထုတ် 
DVB
·
May 7, 2024
ရွှေတောင်မြို့နယ်၌ စစ်တပ်နှင့် သစ်တောဌာနပေါင်းပြီး ကျွန်းသစ်များ ခိုးထုတ် 
Donate to DVB

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်ထဲက ဧက  ၄,၀၀၀ ကျွန်းစိုက်ခင်းကို စစ်ကောင်စီတပ်နဲ့ သစ်တောဌာနတို့ ပူးပေါင်းပြီး တရားမဝင် သစ်ခိုးထုတ်နေတာ ကုန်တော့မယ့်အခြေအနေ ရောက်ရှိနေပြီလို့ ဒေသခံတွေနဲ့ သစ်တောဝန်ထမ်းဟောင်းတွေက ပြောပါတယ်။

ရွှေတောင်မြို့နယ်ထဲက ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ရွာ အရှေ့ဘက်မှာရှိတဲ့  ကျွန်းစိုက်ခင်းရှိ ကျွန်းသစ်တွေကို အခုနှစ်စပိုင်း ဇန်နဝါရီလောက်ကစပြီး ခုချိန်အထိ Chainsaw လွှတွေနဲ့ခုတ်ပြီး စစ်တပ်သုံး ဖောကားတွေနဲ့ တာလပတ်တွေအုပ်ကာ ရွှေတောင်မြို့ကိုဖြတ်ပြီး ခိုးသယ်နေတာလို့ ရွှေတောင်မြို့ခံတဦးက ပြောပါတယ်။

“အဲဒီကျွန်းသစ်တွေကို ဒေသခံတွေကို နေ့စားပေးငှားပြီး ခုတ်ခိုင်းတာ။ ကြိုးဝိုင်းတခုလုံးကို အကုန်ခုတ်ပြီး အသစ်ပြန်စိုက်ဖို့လုပ်မှာလို့ ဆိုပါတယ်။ အဲဒီသစ်တွေကို ရွှေတောင်မြို့နယ်ထဲကဖြတ်ပြီး တပ်မ ၆၆ က ကားတွေနဲ့ သစ်တွေကို အောက်မှာထားပြီး အပေါ်က အိတ်တွေနဲ့ဖုံးပြီး သယ်သွားကြတာ။ အခုလိုက်ကြည့်ရင် သိနိုင်တယ်။ ရွှေတောင်နဲ့ ပြည်က သစ်စက်တွေကို လိုက်ကြည့်ရင် တွေ့နိုင်တယ်။ နေ့တိုင်းပဲ ခိုးသယ်နေတာ။”

နေ့စားသစ်ခုတ်သမားတဦးက “တခြားနေရာတွေလို တောထဲလည်း အရမ်းမဝင်ရဘူး။ ရိုးမပေါ်လည်း မတက်ရ၊ ကားလမ်းနဲ့လည်းနီးတော့ အဆင်ပြေနေကြတာ။ နေ့တိုင်း အိမ်ရှေ့ကနေ ဖြတ်နေတာ စစ်သုံးဖောကားတွေနဲ့၊ အပေါ်က အိတ်တွေနဲ့ဖုံးပြီး အောက်မှာ သစ်လုံးတွေကို တင်ထားတာ။ သူတို့က ဒီကြိုးဝိုင်းကို အပြောင်ရှင်းမှာတဲ့၊ ပြီးမှ ပြန်စိုက်မယ်လို့တော့ ပြောတာပဲ။ ကားမောင်းတဲ့သူတွေကတော့ တပ်မ ၆၆ က စစ်သားတွေပဲ။ ဘေးကရွာတွေကလည်း စစ်သားတွေဦးစီးပြီး ခုတ်နေတော့  စစ်သားအဖွဲ့တွေ နားတဲ့အချိန်ဆို သူတို့လည်း ဝင်ခုတ်ကြတာပေါ့။ နေ့စားသွားခုတ်တဲ့သူတွေက ပိုပြီး အဆင်ပြေနေကြတာ” လို့ ပြောပါတယ်။

အငြိမ်းစားသစ်တောဝန်ထမ်းတဦးက “သစ်ကားတွေ နေ့တိုင်းသယ်တာ။ ကျမတို့ လမ်းကနေ တရက်ထိုင်ရေကြည့်တာတောင် မရေနိုင်ဘူး။ ပေါင်းတည်လမ်းဘက်ကလည်း သယ်တယ်လို့ ကြားတယ်။ အဲဒီဘက်က လမ်းပိုသင့်တော့ ပိုပြီးတော့များမှာ။ ကွက်သစ်ထဲကလူတွေ အဲဒီမှာ နေ့စားနဲ့ သွားလုပ်နေကြတာ။ အခုထိပြန်မလာသေးဘူး။ ၅ လကျော်လောက်ရှိပြီ၊ ဆက်တိုက်ထုတ်နေကြတာ။ သူတို့ကခုတ်တော့ ဘေးကရွာတွေကပါ ဝိုင်းခုတ်ကြတာပေါ့။ ပွဲတော်ကြီးဖြစ်နေတာ။ ကုန်တာတော့ကုန်ပါပြီ။ လုပ်ချင်သလို လုပ်နေကြတာ။ ပြည်ဘက်ကို သယ်တာများတယ်။ တရားဝင် အပေါ်ကတော့ သိမယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ ၆၆ တပ်နဲ့ ဒကစ လုပ်တာ၊ အဲဒီဘက်ကိုပဲ သယ်သွားကြတယ်” လို့ ပြောပါတယ်။

အခုလို သစ်ခိုးထုတ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ခရိုင် သစ်တောဦးစီးဌာနကို DVB က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ တာဝန်ရှိသူတွေက ဖုန်းမကိုင်ပါဘူး။

အဆိုပါသစ်တောက သက်တမ်းနုသစ်တွေဖြစ်ပြီး မြေစာရင်းပိုင်မြေပေါ်မှာ စိုက်ပျိုးထားတဲ့ သစ်တောဌာနပိုင် ကြိုးပြင်ကာကွယ်တောတခုဖြစ်ကာ ရွှေတောင်ဆည်အနီး ရွှေတောင်မြို့၊ သရက်ပင်ကွင်းဆန်းကနေ ပြည်မြို့နယ် နယ်စပ်ရှိ မှော်ဇာရွာအထိ ကျယ်တဲ့ ဧက ၄,၀၀၀ သစ်တော ဖြစ်ပါတယ်။

မင်းညို

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013