DVB Logo
Home
မြန်မာသတင်း
အထွေထွေအကျပ်အတည်းများကြောင့် ဧရာဝတီတိုင်းတွင် ကြက်မွေးမြူရေးလုပ်ငန်းများ ရပ်နား
DVB
·
May 6, 2024
အထွေထွေအကျပ်အတည်းများကြောင့် ဧရာဝတီတိုင်းတွင် ကြက်မွေးမြူရေးလုပ်ငန်းများ ရပ်နား
Donate to DVB

ဧရာဝတီတိုင်းက ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေဟာ စစ်တပ်အာဏာသိမ်းပြီး အချိန် ၃ နှစ်ကျော် ကာလအတွင်း အထွေထွေအကျပ်အတည်းတွေကြောင့် ကြက်မွေးမြူရေး လုပ်ငန်းတွေကို ရပ်နားလာရတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ကြက်မွေးမြူရေးလုပ်ငန်းတွေမှာ မွေးမြူရေးသုံး သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ ဆေးဈေးတွေ အဆမတန် မြင့်တက်လာတာ၊ ကြက်ခြံဆောက်လုပ်ရေး စရိတ်ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ်နဲ့ လုပ်အားခတွေပါ မြင့်တက်နေတာကြောင့် အသားစားကြက်နဲ့ ဥစားကြက် မွေးမြူရေးလုပ်ငန်းအားလုံး ၈၅ ရာခိုင်နှုန်းလောက်အထိ လုပ်ငန်းတွေ ရပ်နားလာရတာလို့ ဧရာဝတီတိုင်း ကြက်မွေးမြူရေးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဘယ်လိုမှ တောင့်မခံနိုင်တော့တဲ့ အခြေအနေတွေကြောင့် ရပ်နားကြတာပါ။ လုပ်ငန်းရှင်တွေ တော်တော်များများလည်း မနားချင်ဘဲ နားရတာ။ လက်ရှိ အသားစားကြက် မွေးမြူတဲ့ လုပ်ငန်းအနေနဲ့ ၇၅ ရာခိုင်နှုန်းလောက်က နားသွားကြပြီ။ ဥစားကြက်မွေးမြူတဲ့ လုပ်ငန်းကလည်း လက်ရှိ ၈၅ ရာခိုင်နှုန်းလောက်က နားသွားပြီ။ အနည်းအကျဉ်းလောက်ပဲ ကျန်တော့မယ်။ သူတို့လည်း သိပ်မသေချာဘူး။ ဒါကြောင့်လည်း လက်ရှိ ကြက်ဥတွေကော၊ ကြက်သားတွေကော ဈေးထိုးတက်နေတာ။ ထွက်ကုန်နည်းလို့ ဈေးတက်နေတာ။ တက်နေတဲ့ဈေးက မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် အကျိုးမရှိဘူး။”

ဧရာဝတီတိုင်းဘက်က မွေးမြူရေးလုပ်ငန်းတွေဟာ ထိုင်းနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတဲ့ အေးခဲအသားတွေကြောင့် ဈေးကွက်မယှဉ်နိုင်တော့တဲ့ အခြေအနေတွေနဲ့ မွေးမြူရေး သွင်းအားစုစရိတ်တွေ အဆမတန် မြင့်တက်နေတာကြောင့် ကြက်မွေးမြူတဲ့ လုပ်ငန်းကို ရပ်နားလိုက်တာလို့ ပြောပါတယ်။

“အခုက ကြက်စာ တအိတ်ကို ၉၀,၀၀၀ ကျော်ကျော်အထိ ဖြစ်လာတယ်။ ကြက်အကောင် ၁,၀၀၀ မွေးရင် အနည်းဆုံး အိတ် ၁၀၀ အထိ ကျွေးရတယ်။ အစာအိတ် ၁၀၀ ဆို သိန်း ၉၀ ကျော် ၁၀၀ နီးပါးလောက် ကုန်သွားပြီ။ အသေအပျောက်မရှိမှ၊ ရှိရင်ရှုံးပြန်တယ်။ ကြက်ကာကွယ်ဆေးတွေကလည်း အရင်ကထက် ဈေးက နှစ်ဆအထိ တက်နေတယ်။ ဘယ်လိုမှ တွက်ခြေမကိုက်တော့တဲ့ အခြေအနေကြောင့် လုံးဝကို ရပ်နားလိုက်ရတာ။ ကြက်သားပေါက်ဈေးကလည်း အရင်က တကောင် ၁,၀၀၀ လောက် အမြင့်ဆုံးရှိတာ။ အခု တကောင် ၁,၄၀၀ အထိ တက်လာတယ်။ တရားမဝင် ကြက်သားတွေကလည်း ဝင်လာတဲ့ အခါဆို တော်တော်ခက်ခဲတယ်။”

ဧရာဝတီတိုင်းမှာ မွေးမြူရေးလုပ်ငန်းတွေ ရပ်နားလာတာကြောင့် မွေးမြူရေးလုပ်ငန်း ကျွမ်းကျင်သူတွေအနေနဲ့ အလုပ်လက်မဲ့ဖြစ်မှုနှုန်းတွေ မြင့်တက်လာပြီး တဖက်နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့သူတွေလည်း ရှိလာတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်း မွေးမြူရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်သွားရင် ဒေသတွင်း အသားထုတ်လုပ်မှုတွေ လျော့ကျလာကာ တဖက်နိုင်ငံတွေကနေ တရားမဝင် အေးခဲအသားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာရင် ဒေသခံတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိလာနိုင်တယ်လို့ မွေးမြူရေးပညာရှင်တွေက ဆိုပါတယ်။

ဓာတ်ပုံ - တော်ဝင်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013