DVB Logo
Home
မြန်မာသတင်း
ဒလမြို့နယ်၌ အုပ်ချုပ်ရေးမှူးက အလုပ်မှအိမ်ပြန်နောက်ကျသူများကို ရုံးခေါ်ရိုက်နှက်
DVB
·
May 4, 2024
ဒလမြို့နယ်၌ အုပ်ချုပ်ရေးမှူးက အလုပ်မှအိမ်ပြန်နောက်ကျသူများကို ရုံးခေါ်ရိုက်နှက်
Donate to DVB

ရန်ကုန်တိုင်း တွံတေးခရိုင်မှာ ညမထွက်ရအမိန့် ပြောင်းလဲပြီးနောက် ဒလမြို့နယ် မှော်စက်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ညဘက် အလုပ်ကအပြန် နောက်ကျသူတွေကို ရုံးကိုခေါ် ရိုက်နှက်ပြီး ညအိပ်ခိုင်းပြီး ဒဏ်ငွေဆောင်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တွံတေးခရိုင်မှာ ဧပြီ ၂၅ ရက်ညက တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို စတဲ့မြို့နယ်တွေကို ည ၁၀ နာရီမှ မနက် ၅ နာရီအတွင်း ညမထွက်ရအမိန့်ကို ပြောင်းလဲထုတ်ပြီးနောက် ဒလမြို့နယ် မှော်စက်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို ရိုက်နှက်ခဲ့တာလို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

“ညမထွက်ရအမိန့်ပြောင်းပြီး ရန်ကုန်ထဲမှာ အလုပ်သွားလုပ်တဲ့သူတွေ အိမ်ပြန်နောက်ကျတာ ၁၀ နာရီတောင် မထိုးသေးဘူး၊ ဒလဘက်ကမ်းကနေ စောင့်ပြီးဖမ်းတာ။ ရုံးကိုခေါ်သွားပြီး အုပ်ချုပ်ရေးမှူးက ပါးကို ဖိနပ်နဲ့ရိုက်တယ်၊ ရိုက်နှက်ပြီးရင် ရုံးမှာညအိပ်ခိုင်းတယ်၊ မနက်မိုးလင်းရင် သုံးသောင်းဒဏ်ရိုက်တယ်။” 

ဒလမြို့နယ် မှော်စက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဟာ ဒလမြို့နယ်အတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေကို သတင်းပေးဖမ်းဆီးရင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ နာမည်ရလာသူတဦးဖြစ်တယ်လို့ ရပ်မိရပ်ဖတဦးက ရှင်းပြပါတယ်။

“သူက ဘုန်းကြီးကျောင်းထွက်၊ စာကောင်းကောင်းမတတ်ဘူး။ အုပ်ချုပ်ရေးမှူးမဖြစ်ခင်က လူမိုက်လိုလို ဘာလိုလိုနဲ့၊  သူအုပ်ချုပ်ရေးမှူးဖြစ်လာတော့ လူမိုက်တွေနဲ့ပေါင်းပြီး ၂ လုံး ၃ လုံး ဒိုင်တွေရော WY ရောင်းတဲ့သူတွေရော လိုင်းကြေးယူပြီး ခွင့်ပြုထားတယ်။ ဒါထက်ဆိုးတာက မြေကွက်တွေ ရောင်းစားတာပဲ။” 

ဒီလိုကိစွတွေ မှော်စက်အုပ်ချုပ်ရေးမှူး ကျူးလွန်နေတာကို ရပ်မိရပ်ဖတွေ ရပ်ကွက်နေသူတွေက အဆင့်ဆင့်တိုင်ကြားပေမဲ့ တိုင်ကြားသူတွေကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေတာကြောင့် ဒလမြို့ကပါ ထွက်ပြေးနေရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“သူ့ကိုတိုင်ရင် မြို့နယ်ထွေအုပ်က တိုင်စာကို မိတ္တူကူးပြီး သူ့ကိုပေးတယ်။ သူကတဆင့် ရဲတွေ၊ စစ်တပ်တွေကို ငွေပေးပြီး တိုင်တဲ့သူကို ဖမ်းခိုင်းတယ်။ သူ့ကို တိုင်ထားတဲ့သူတွေဆို ဒလမြို့နယ်မှာ မနေရဲဘူး၊ ထွက်ပြေးနေရတယ်။”

စစ်တပ်အာဏာသိမ်းပြီး အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ ဦးထွန်းထွန်းဟာ အလုပ်အကိုင်မရှိဘဲ နေအိမ်ကို တိုက်ဆောက်၊ ကား ၂ စီးအပြင် ရန်ကုန်မြို့ထဲမှာ တိုက်ခန်းတွေပါ ပိုင်ဆိုင်တဲ့အထိ ချမ်းသာလာသူတဦးဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်ကလည်း မှော်စက်ရပ်ကွက် ဝိဓူရလမ်းက နေအိမ်တွေကို အုပ်ချုပ်ရေးမှူးက စစ်တပ်၊ လူမိုက်တွေနဲ့ ပူးပေါင်းကာ ဖယ်ရှားခိုင်းပြီး ဂရန်ထုတ် အုတ်တံတိုင်းခတ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို ရောင်းစားခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013