
အိန္ဒိယနိုင်ငံ၊ အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးတာကြောင့် လူတယောက်သေဆုံးပြီး ၄ ယောက် ပျောက်ဆုံးနေတယ်လို့ ကယ်ယီပန်ညောခရိုင် တာဝန်ရှိသူတွေကို ကိုးကားပြီး The Hindu သတင်းစာက ဇွန် ၂၄ ရက်မှာ ဖော်ပြထားပါတယ်။
ကယ်ယီပန်ညောခရိုင်ရဲ့ နယ်မြေအစိတ်အပိုင်း အတော်များများ ရေတွေဖုံးလွှမ်း နစ်မြုပ်သွားလို့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရဟတ်ယာဉ်တွေနဲ့ ဝေးလံခေါင်သီတဲ့ အဲဒီဒေသကို ကယ်ဆယ်ရေးပစ္စည်းတွေ အပြေးအလွှား သွားရောက်ကူညီပေးနေရပါတယ်။
ဇွန် ၂၄ ရက်က ဒေသတာဝန်ရှိသူတွေ ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းတွေအရ ရေစီးသန်တဲ့ ရေလွှမ်းမိုးမှုနဲ့အတူ ရွှံ့နွံတွေ၊ အမှိုက်သရိုက် အပျက်အစီးတွေဟာ လူနေရပ်ကွက်တွေထဲ စီးဝင်လာပြီး နေအိမ်တွေပျက်စီးတာ၊ သစ်ပင်တွေ အမြစ်ပြုတ်ထွက်ကုန်တာနဲ့ မော်တော်ကားတွေ ပိတ်မိတာမျိုးတွေ ဖြစ်ကျန်ခဲ့ပါတယ်။
လမ်းတွေပေါ်မှာလည်း ရွှံ့နွံတွေ ဖုံးလွှမ်းသွားလို့ ဒေသခံတွေဟာ ရေကြီးနေတဲ့ကြားမှာ ခြေကျင် လျှောက်သွားနေကြရတာတွေကိုလည်း တွေ့မြင်ရပါတယ်။
Source: Reuters











