DVB Logo
Home
မြန်မာသတင်း
တန်ပြန်တိုက်စစ်အတွက် စစ်ကောင်စီတပ်က အဆင့်မြင့်ဒရုန်းများ ပိုမိုအသုံးပြုလာ 
DVB
·
May 1, 2024
တန်ပြန်တိုက်စစ်အတွက် စစ်ကောင်စီတပ်က အဆင့်မြင့်ဒရုန်းများ ပိုမိုအသုံးပြုလာ 
Donate to DVB

တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ တိုက်စစ်အနေနဲ့ ပြန်ပြောင်းဖို့ ဒရုန်းတပ်မအဖွဲ့ကို ဖွဲ့စည်းကာ အဆင့်မြင့် ဒရုန်းတွေကို အားထည့်အသုံးပြုလာတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒရုန်းတွေရဲ့ ထက်မြက်တဲ့ ဗုံးကြဲနိုင်စွမ်းကို ခံစားရပြီး အရေးနိမ့်ခဲ့ရတဲ့ စစ်ကောင်စီဟာ သူ့ရဲ့ ဒရုန်းတပ်ကို ပြင်ဆင်ပြီး အဆင့်မြှင့်ဖို့ ကြိုးစားလာပါတယ်။

စစ်ကောင်စီဟာ ဒရုန်းတပ်မကို ခြေမြန်တပ်မတွေနည်းတူ အရင်ကတည်းက ဖွဲ့စည်းထားခဲ့ပြီး ဗိုလ်မှူးချုပ်တဦးက ဦးဆောင်ကာ နည်းပညာအရာရှိတွေနဲ့  ဖွဲ့ထားတယ်လို့ စစ်ကောင်စီ တပ်နဲ့နီး စပ်သူတွေဆီက သိရပါတယ်။

မြဝတီကို စစ်ကူပေးဖို့ ကြိုးစားနေတဲ့ အောင်ဇေယျစစ်ဆင်ရေးနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ  စစ်ကောင်စီတပ်က နည်းပညာမြင့်ဒရုန်းတွေနဲ့ ဒုံးတွေကို သုံးလာတယ်လို့လည်း စစ်ဘက်နဲ့နီးစပ်သူတွေဆီက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်း ဖောင်ကြီးက စစ်ကောင်စီတပ်တခုမှာ ရုရှားစစ်တပ်က ဦးစီးပြီး ဒရုန်းသင်တန်းဖွင့်ကာ လေ့ကျင့်ပေးနေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“စစ်ကောင်စီက ဒရုန်းတွေ တော်တော်အားဖြည့်လာတယ်။ ပထမပိုင်းမှာ anti drone တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အသုံးပြုတာကို ကာကွယ်ခဲ့တယ်။ ဒရုန်းကို သူတို့ခံစစ်အနေနဲ့ ခံလာရတာတွေ များတယ်။ အဲ့ဒီတော့ ခေတ်သစ်တိုက်ပွဲမှာ သူတို့အနေနဲ့ တိုက်စစ်အနေနဲ့ ပြန်ပြောင်းဖို့ တပ်မအဆင့်ပုံစံ ဖွဲ့စည်းလာတယ်လို့ သိရတယ်။ အရင်က လေယာဉ်ကို ဂရုစိုက်ရတယ်။ လေယာဉ်က သူတို့အတွက် ကန့်သတ်ချက်တွေ ရှိလာတယ်။ စခန်းတွေ ရိက္ခာရုံတွေကို ပုံဖျက်ဖို့ လိုတယ်။”

ဒရုန်းတွေနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံ လူအင်အား​တွေပါ ​စစ်တပ်က လုပ်​နေဆောင်နေပြီး တရုတ်က ဝယ်ထားတဲ့ ဒရုန်းတွေကို ပြန်ပြင်သုံးနေတာလည်း ကြားရတယ်လို့ CDM လေတပ်အရာရှိက ပြောပါတယ်။

အရင်ကတည်းက တရုတ်ကနေ နည်းပညာမြင့် CH-3 ဒရုန်းတွေကို ဝယ်ထားခဲ့ပေမဲ့ တိုက်ပွဲတွေမှာ လက်တွေ့ အသုံးပြုနေကြောင်း စစ်ကောင်စီက ထုတ်ပြခဲ့တာမရှိပါဘူး။

နည်းပညာမြင့်ဒရုန်းတွေကို သုံးတာနဲ့အတူ တဖက်မှာလည်း ပြည်တွင်းမှာ မထုတ်နိုင်တဲ့ နည်းပညာမြင့် ပဲ့ထိန်းဒုံးကျည်တွေ၊ ဗုံးတွေကို သုံးရမှာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ လက်ရှိအခြေအနေနဲ့ အကန့်အသတ်နဲ့သာ သုံးနိုင်ခြေရှိတယ်လို့ စစ်လက်နက် လေ့လာသူ Tactical Raptor က မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီအနေနဲ့ ထောက်လှမ်းရေးအနေနဲ့ အသုံးပြုလာရင်တော့ တော်လှန်ရေးတပ်တွေ အတွက် အန္တရာယ်ပိုများလာနိုင်တယ်လို့   DVBကို ပြောပါတယ်။

စစ်လက်နက် လေ့လာသူ Tactical Raptor က “ဗုံးသီးပစ်ချတာမျိုးတော့ တွေ့လာရတယ်။ တရုတ်လုပ် အဆင့်မြင့်ဒရုန်းတွေဆိုတာ သတိတော့မထားမိသေးဘူး ဖြစ်နေတယ်။ အဆင့်မြင့်ဒရုန်း ဆိုတိုင်း နေရာစုံ အသုံးဝင်မယ်လို့တော့ မှန်းလို့မရဘူး။ တိုက်ခိုက်ရေး ဒရုန်းတွေ ဖြစ်မယ်ဆိုရင် သူတို့နဲ့တွဲဖက်သုံးတာက တိကျမှုမြင့်မားတဲ့ ပဲ့ထိန်းဒုံးကျည်၊ ဗုံးတွေ ဖြစ်ပါတယ်။ နိုင်ငံခြားကနေ ဝယ်မှပဲ ဖြစ်နိုင်မယ့် ဒီပဲ့ထိန်းလက်နက်တွေကို တော်တော်လေး အကန့်အသတ်နဲ့ပဲ သုံးနိုင်ဖို့များတယ်။ ထောက်လှမ်းရေးဒရုန်းဆိုရင်တော့ ပိုပြီးအသုံးတည့်နိုင်တယ်။ စစ်ဆင်ရေးဧရိယာအပေါ် အချိန်ကြာကြာ ‌ပျံဝဲ‌‌နေပြီး သူ့မှာပါတဲ့ အဆင့်မြင့်ကင်မရာ၊ ဆင်ဆာတွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နေရာတွေကို ရှာဖွေဖော်ထုတ်ပြီး ဒုက္ခပေးနိုင်ပါတယ်။ အဓိကပြဿနာကတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီလိုဒရုန်းတွေကို ပစ်ချရခက်ပါတယ်။ ပခုံးထမ်းလေယာဉ်ပစ်တွေ၊ စစ်သုံးအဆင့် jammer တွေရှိမှ ထိထိရောက်ရောက် ပစ်ချနိုင်ဖို့ အခွင့်အရေးရှိမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ဒရုန်းတွေနဲ့ ပုံစံတစ်ခု ပြောင်းပြီး တိုက်ခိုက်တာ တွေ့လာရတယ်လို့လည်း လွိုင်ကော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီက DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့လတွေကတည်းက  လွိုင်ကော်ကို DVB က သတင်းသွားယူစဉ်မှာလည်း စစ်ကောင်စီရဲ့ ဒရုန်းကနေ မီးလောင်ဗုံးတွေ ကြဲချလို့ ပျက်စီးခဲ့ရတဲ့ နေအိမ်တွေ အဆောက်အအုံတွေကို မြင်တွေ့ခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းနည်းပညာ မြှင့်တင်လာတာကို ကြောက်သွားမှာမဟုတ်ဘဲ ကာကွယ်နိုင်သလောက် ကာကွယ်ပြီး တော်လှန်ရေးတပ်တွေ လိုချင်တဲ့ ရလဒ်တွေ ရလာအောင် ဆက်လုပ်သွားမယ်လို့ KNDF တပ်မှူး မာဝီက ဆိုပါတယ်။

“စစ်ကောင်စီဘက်က ဒရုန်းတွေသုံးပြီး တိုက်တာပုံစံတခု ပြောင်းလာတာ တွေ့ရတယ်။ သို့သော်လည်း ကျနော်တို့ဘက်က ကျနော်တို့ဘက်မှာရှိတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုပုံစံတခုရှိ ပါတယ်။ သို့သော်လည်း ဒရုန်းတွေ ဘယ်လောက်သုံးသုံး မြေပြင်ထိုးစစ် မလုပ်နိုင်တဲ့သူ ဘာမှ  အရေးမပါဘူးပေါ့။ ဒရုန်းအန္တရာယ်လည်း ကာကွယ်နိုင်သလောက် ကာကွယ်ပြီး ကျနော်တို့ လိုချင်တဲ့ ရလဒ်တွေရအောင် ဆက်လုပ်သွားမှာဖြစ်တယ်။ ဆက်တိုက်ပွဲဝင်နေဦးမှာ ဖြစ်တယ်။ စစ်ကောင်စီက ဖိုက်တာဂျက်တွေ တာဝေးပစ်တွေ အကုန်ရှိနေတာပဲ။ အခုလည်း တန်ပြန်ဒရုန်းဆိုတာ ကြားရတယ်။ ကျနော်တို့ မမှုဘူး၊ ကြောက်လန့်တာ မရှိဘူး၊ မသွေဖယ်ဘူး။ လုပ်ရမယ့်အလုပ်ကို တစိုက်မတ်မတ်လုပ်သွားမယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံတွေမှာ ရုရှားကို ရောက်နေတဲ့ ဗိုလ်ချုပ်ကြီးမိုးအောင်ဟာ စစ်လက်နက်ပြပွဲမှာ နည်းပညာမြင့်ဒရုန်းတွေ၊ စစ်လက်နက်တွေကို ကြည့်ရှုလေ့လာနေတာကို ထုတ်လွှင့်ခဲ့ပြီး စစ်တပ်ရဲ့သတင်းအရင်းအမြစ်အရ ဒရုန်းတွေ ထပ်မံဝယ်ယူဖို့ စီစဉ်နေတာလို့ သိရပါတယ်။

သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013