DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် အိမ်သုံးဆေး ဈေးတက်လာသဖြင့် နာတာရှည်ရောဂါသည်များ အခက်ကြုံ 
DVB
·
May 1, 2024
ဧရာဝတီတိုင်းတွင် အိမ်သုံးဆေး ဈေးတက်လာသဖြင့် နာတာရှည်ရောဂါသည်များ အခက်ကြုံ 
Donate to DVB

ဧရာဝတီတိုင်းအတွင်းရှိ ဆေးဆိုင်တွေမှာ ရောင်းချနေတဲ့ အိမ်သုံးဆေးဈေးနှုန်း ဆက်လက် မြင့်တက်လာတာကြောင့်  ဆေးတာရှည်သောက်နေရတဲ့ နာတာရှည်ရောဂါသည်တွေ ဆေး ဆက်သောက်နိုင်ဖို့  အခက်အခဲ ကြုံနေကြတယ်လို့ နာတာရှည်ရောဂါခံစားနေရသူတွေက ပြောပါတယ်။ 

ပြည်ပနိုင်ငံမှ သွင်းရတဲ့ ဆေးဝါးဈေးနှုန်းတွေဟာ ကျပ် ၅,၀၀၀ မှ လက်ရှိ ကျပ် ၁၀,၀၀၀ ကျော်အထိ ဈေးတက်လာတာကြောင့် ဆေး ဆက်သောက်ဖို့ အခက်အခဲရှိလာတယ်လို့ မအူပင်မြို့နယ်က နှလုံးရောဂါ ဝေဒနာရှင်တဦးက ပြောပါတယ်။ 

“ဆေးဝယ်တဲ့အခါ တဆိုင်နဲ့တဆိုင် ဈေးအရမ်းကွာတယ်။ ဆေးဝါးတွေလည်း ဈေးအတော် တက်လာပါတယ်။ အရင်က ၅,၀၀၀ ဆေးက အခု ၁၀,၀၀၀ လောက် ပေးဝယ်ခဲ့ရတယ်။ နောက် ဒီလိုထပ်ပြီး ဈေးတက်လာမယ်ဆို ဆေးဆက်သောက်နိုင်ဖို့တောင် မသေချာဘူး။” 

လက်ရှိ ဆေးဝါးဈေးနှုန်းမှာ ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး တချို့သော ဆေးကုမ္ပဏီကြီးတွေက ဆေးဝါးထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တာကြောင့် ဆေးဝါး ပြတ်တောက်မှု အခြေအနေ ကြုံလာနိုင်တယ်လို့ ဆေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။ 

“ဒီထက်ပိုဈေးတက်တာလည်း ရှိကောင်း ရှိနိုင်တယ်။ ဈေးကွက်မှာ ဆေးဝါးပြတ်တောက်တာတော့ ရှိနိုင်တယ်။ ဆေးကုမ္ပဏီတခုက ရပ်လိုက်ပေမဲ့ ပုံစံတူအမျိုးအစားက တခြား ကုမ္ပဏီမှာလည်း ရှိနိုင်တယ်။ brand ကို လိုက်ပြီး သောက်မယ်ဆိုရင်တော့ အဲဒီဆေးသောက်တဲ့ လူနာက ဆေးပြတ်နိုင်တယ်” လို့ ပုသိမ်မြို့က နိုင်ငံခြားဆးဝါးရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။ 

ဖျာပုံမြို့နယ်က အသက် ၆၀ အရွယ် ဆီးချိုဝေဒနာရှင် အမျိုးသမီးတဦးက “ကျမ သောက်နေတဲ့ ဆေးတွေ ဘယ်မှာမှ ဝယ်လို့မရတော့လို့ ဒုက္ခရောက်နေတာ။ ဆေးက ပြတ်သွားလို့မရဘူး။ ဝယ်မရတာ တပတ်လောက်ရှိနေပြီ။ ဝယ်လို့ ရနေသေးတဲ့ ဆေးတချို့ကလည်း ဈေးနှစ်ဆ ကျော်ကျော်အထိ တက်နေတယ်” လို့ ပြောပါတယ်။

ဆေးဝါးဈေး အဆမတန်မြင့်တက်လာမှုနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ လူထုအကျိုးကို ရှေးရှုပြီး ဆေးဝါးတွေကို ကြိုတင် ဈေးတင်ရောင်းတာ မဟုတ်ဘဲ ဝယ်ထားတဲ့ ဈေးနဲ့ ရောင်းရမယ့်ဈေးကို ထိန်းချုပ်ပြီး ဝယ်ယူနိုင်အောင် ရောင်းချပေးစေလိုကြောင်း လူမှုကူညီရေးအဖွဲ့တွေက အကြံပြုတိုက်တွန်းထားပါတယ်။ 

မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ဆေးဝါးတွေကို အိန္ဒိယနိုင်ငံမှ ၇၅ ရာခိုင်နှုန်းခန့်အထိ မှာယူကာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဂျာမနီ၊ ပါကစ္စတန်နဲ့ တူရကီနိုင်ငံတွေကလည်း မှာယူတင်သွင်း ရတယ်လို့ ဆေးဝါးရောင်းချသူတွေဆီက သိရပါတယ်။ 

ဓာတ်ပုံ- တော်ဝင်၊ မျိုးသူ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013